News

POST TYPE

NEWS

ရွှေဘိုပေါ်ဆန်းအဖွင့်ဈေး ပြီးခဲ့သည့်နှစ်ကထက် တက်
19-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်ဆန်ဈေးကွက်သို့ စတင်ဝင်ရောက်ရောင်းချနေပြီဖြစ်သော ရွှေဘို ပေါ်ဆန်းသစ် အဖွင့်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကထက် မြင့်တက်ကြောင်း ဝါးတန်းဆန်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းစားသုံးသူအကြိုက် ရွှေဘိုပေါ်ဆန်းသစ်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်က တစ်အိတ်လျှင် ကျပ် ၃၅,၀၀၀ မှ ၃၆,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်၌ တစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ မှ ၄၆,၀၀၀ ခန့်ရှိပြီး ရွှေဘိုပေါ်ဆန်းသစ်ဈေး မြင့်နေခြင်းကြောင့် အရောင်းအဝယ်အေးကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ရွှေဘိုပေါ်ဆန်းစပါးဈေးမှာလည်း ယခင်နှစ်ကထက် မြင့်တက်ပြီး ယခင်နှစ်က တင်း ၁၀၀ လျှင် ကျပ် ကိုးသိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၀ သိန်းဝန်းကျင်အထိ ရှိကြောင်း အဆိုပါစပါးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ရွှေဘိုပေါ်ဆန်းအဟောင်းဈေး ကောင်းမွန်နေခြင်းကြောင့် အသစ်ဈေးကောင်းမွန်ခြင်းဖြစ်ပြီး ယင်းဆန် ရန်ကုန်သို့ဝင်ရောက်မှု ပုံမှန်ရှိကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ကျပ် ၅၇,၀၀၀ မှ ၆၀,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ မှ ၃၃,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ (သစ်) တစ်အိတ်လျှင် ကျပ် ၂၇,၀၀၀ မှ ၃၀,၀၀၀ ခန့်၊ ဧည့်မထ ၂၅ မှတ် (သစ်) တစ်အိတ်လျှင် ၁၈,၀၀၀ မှ ၁၈,၃၀၀ ခန့် ဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04