News

POST TYPE

NEWS

ရေကြောင်းဘတ်စ်သင်္ဘော ရှစ်စင်း တိုးမည်
19-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မှ အင်းစိန်သို့ ပြေးဆွဲလျက်ရှိသော ရေကြောင်းဘတ်စ်ခရီးစဉ်တွင် နောက်ထပ် သင်္ဘောရှစ်စင်းကို လာမည့်လအတွင်း ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။ 

လက်ရှိသင်္ဘောရှစ်စင်းဖြင့် ပြေးဆွဲရာတွင် သတ်မှတ်ထားသည့် ပြေးဆွဲချိန်ထက် ကြာမြင့်မှုကို လျှော့ချရန် ပြည်ပသင်္ဘောလေးစင်းနှင့် ပြည်တွင်းသင်္ဘော လေးစင်းတို့ကို ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာရွက်စာတမ်းများနှင့် ခွင့်ပြုချက်ကျပါက ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

“သတ်မှတ်ထားတဲ့အချိန်အတိုင်း ဆိပ်ကမ်းကိုမရောက်တာ သင်္ဘောစင်းရေ မပြည့်လို့ပါ။ စင်းရေပြည့်ရင် မိနစ် ၂၀ ကို တစ်စင်းလွှတ်လို့ရတယ်။ နောက်လမှာ အချိန်တိတိကျကျ ရုံးချိန်အတိုင်း ပြေးဆွဲနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

စတင်ပြေးဆွဲချိန်က ဆိပ်ကမ်းအစနှင့် အဆုံးကို မိနစ် ၃၀ ခန့်သာ ကြာမြင့်မည်ဟုပြောဆိုခဲ့ပြီး တစ်ရက်တာပြေးချိန်များကို အမျိုးမျိုးပြင်ဆင်ပြောင်းလဲခဲ့ခြင်းကြောင့် အပျော်စီးသင်္ဘောအဖြစ် စီးနင်းခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။

ရေကြောင်းဘတ်စ်ကို အပျော်စီးအဖြစ်သာ စီးနင်းဖြစ်ပြီး အင်းစိန်ဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်းအထိ တစ်နာရီကျော်ခန့် ကြာမြင့်နေကြောင်း၊ ဆိပ်ကမ်းသို့ သွားရောက်စီးနင်းရန် ဘတ်စ်ကားမှတ်တိုင်နှင့် အလှမ်းကွာဝေးကြောင်း ရေကြောင်းဘတ်စ် စီးနင်းခဲ့သည့် အင်းစိန်မြို့နယ်ဒေသခံတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍအနေနှင့် ခရီးသွားပြည်သူများ စီးနင်းမှုအဆင်ပြေရန် YBS ဘတ်စ်ကားမှတ်တိုင်နှင့် ရေကြောင်းဘတ်စ် မှတ်တိုင်များကို ချိတ်ဆက်ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး မြို့ပတ်ရထားဘူတာများနှင့်လည်း ချိတ်ဆက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၁၆ ရက်က ပြောကြားခဲ့သည်။

ရန်ကုန်မြစ်ကြောင်းအတွင်း ရေကြောင်းဘတ်စ်အဖြစ် ပြေးဆွဲခြင်းလုပ်ငန်းမှာ ရေရှည်စီမံကိန်းတစ်ခုဖြစ်ပြီး လတ်တလောတွင် ကုမ္ပဏီက စီမံထားသည့် Plan များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ သင်္ဘောစင်းရေ ၁၆ စင်း အမြန်ဆုံးထည့်သွင်း ပြေးဆွဲနိုင်ရန် ဦးစားပေးလုပ်ဆောင်နေကြောင်း ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

“စီမံကိန်းက အကြီးကြီးဖြစ်နေလို့ ရင်းနှီးမြှုပ်နှံမှုအပိုင်းက အချိန်တော့ယူရမယ်။ ဒါပေမဲ့ အခုချိန်မှာ အစ်မတို့ရဲ့ Business Plan အတိုင်း အားလုံး ကွက်တိဝင်နေတယ်။ ဒါကြောင့် အချိန်စောစောစီးစီး အကျိုးအမြတ်ရရှိမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရေကြောင်းဘတ်စ်ကို နံနက် ၆ နာရီခွဲမှ ည ၉ နာရီအထိ တစ်ရက်ကို ၁၉ ခေါက်ခန့် ပြေးဆွဲကာ ခရီးသည် ၂၃၀ ဆံ့ ပြည်ပသင်္ဘောတစ်စင်း၊ ခရီးသည် ၁၂၀ ဆံ့ ပြည်တွင်းသင်္ဘော ခုနစ်စင်းဖြင့် ဗိုလ်တထောင်၊ နန်းသီတာ (ပန်းဆိုးတန်း)၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ ရွှေပိတောက်၊ အင်းစိန်မှတ်တိုင်တို့ကို ပြေးဆွဲလျက်ရှိသည်။

J-06