News

POST TYPE

NEWS

ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ပြန်ဖွဲ့စည်း
19-Jan-2018

မုံရွာ၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်အလိုက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီများကို အစိုးရဌာနဆိုင်ရာများဖြင့် ပါဝင်ဖွဲ့စည်းလျက်ရှိကြောင်း မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီထံမှ သိရသည်။

ယခုအစိုးရလက်ထက် စစ်ကိုင်းတိုင်း လွှတ်တော်က အသစ်ပြဋ္ဌာန်းသည့် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေအသစ်အရ မြို့နယ်အဆင့်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ရဲတပ်ဖွဲ့၊ ပြည်တွင်း ရေကြောင်း၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ၊ ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်လုပ်သား စုစုပေါင်းကိုးဦးတို့ဖြင့် ဖွဲ့စည်း၍ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအာကာမြင့်က ပြောကြားသည်။

မြို့နယ်အဆင့်ကော်မတီတွင် ကိုးဦးပါဝင်ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအတွက် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက အဖွဲ့ခေါင်းဆောင်ဖြစ်ကာ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာန၊ လ.ဝ.က၊ စည်ပင်၊ ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်လုပ်သားတို့ ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ 

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ ကနီနှင့် ဆားလင်းကြီးမြို့တို့တွင် ရစကကော်မတီအသစ်များ ပြန်လည်ဖွဲ့စည်းနေကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ကနီမြို့နယ်အနီး မိကျောင်းတွင်းကျေးရွာတွင် လူတစ်ရာကျော်ခန့် သေဆုံးခဲ့သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းလွှတ်တော်တွင် အဆိုပါဥပဒေသစ်ကို ပြဋ္ဌာန်းကာ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်၏ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဝင် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ 

“အရင်တုန်းက စစ်ဆေးရေးမှာ (ရစက) ရယ် ခရီးသည်တွေနဲ့ ရေယာဉ်ပိုင်ရှင်က အမြဲပြဿနာတက်တယ်။ အခု ပြန်ဖွဲ့တဲ့အထဲမှာ ရေယာဉ်ပိုင်ရှင်နဲ့ လုပ်သားပါတော့ ပြဿနာတွေ ပြေလည်သွားနိုင်တယ်”ဟု ၎င်းက ဆိုသည်။

R-08