News

POST TYPE

NEWS

ရှမ်းမြောက်တွင် စိတ်ကြွဆေးပြား သန်း ၃၀ အပါအဝင် မူးယစ်ဆေးဝါး အများအပြား စံချိန်တင်ဖမ်းမိ
လားရှိုး၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့က မူးယစ်ဆေးဝါး ပမာဏ အမြောက်အမြားကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ 

သိန်းနီမြို့အထွက် တိုးဂိတ်အနီးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကွင်းဆက်အဖြစ် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာရှိ နေအိမ် တစ်ခုမှ မူးယစ်ဆေးဝါးမျိုးစုံ တန်ဖိုးကျပ် သိန်း ၇၂၈,၀၀၀ ကျော်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေအိမ်တစ်ခုမှ ယင်းကဲ့သို့ မူးယစ်ဆေးဝါး အမျိုးအစားအစုံ ပမာဏ အများအပြားကို ဖမ်းဆီးရမိခြင်းမှာ ယခုနှစ်အတွင်း စံချိန်တင် အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးစန်းယုက ပြောကြားသည်။ 

ပြီးခဲ့သည့်ဇန်နဝါရီလ ၁၆ ရက်နေ့က အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျော်ထွန်း (ခ) အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာသည့် မော်တော်ယာဉ်မှ ဘိန်းဖြူဆပ်ပြာခွက် ၁၁၃၉ ခွက် (ဘိန်းဖြူအလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို) နှင့် စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၄၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကွမ်းလုံ-နမ့်စလပ်-သိန်းနီ မြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးများ ပိုင်ရှင်ဖြစ်သည့် ရန်အယ်နှင့် ကူကျန်းလျှန်တို့ကို ဖမ်းဆီးရမိခဲ့ကာ ကျော်ထွန်း (ခ) အိုက်ထွန်း ၃၁ နှစ်၊ စိုင်းလှကျော် ၄၅ နှစ်၊ ရန်အယ်၂၅ နှစ်နှင့် ကူကျန်းလျှန် ၂၅ နှစ်တို့ကို မူးယစ်ဆေးဝါးပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းနောက်ကွင်းဆက်အဖြစ် ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာနေအိမ်တစ်ခုမှ စိတ်ကြွရူးသွပ်ဆေးပြားသန်း ၃၀၊ အိုက်စ် အလေးချိန် ၁၇၅၀ ကီလို၊ ဘိန်းဖြူ အလေးချိန် ၅၀၂ ကီလိုနှင့် ကဖင်း ၂၀၀ ကီလိုစသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၇၂၈,၀၀၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းခိုင်က ပြောဆိုသည်။ 

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်ဖြစ်သူ လောက်ယောင်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို သိန်းနီ မြို့မရဲစခန်းနှင့် ကွတ်ခိုင်မြို့မရဲစခန်းတို့က မူးယစ်ဆေးဝါး ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။ 

အဆိုပါ ဖမ်းဆီးရမိမှုသည် ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် ကမ္ဘာ့ဒုတိယ အများဆုံး စံချိန်ဖြစ်သည့် စိတ်ကြွဆေးပြား ၂၇ သန်းကျော် ဖမ်းဆီးရမိသည့်စံချိန်ကို ကျော်လွန်သွားခြင်း ဖြစ်သည်။

R-07