News

POST TYPE

NEWS

မြောက်ဦးပဋိပက္ခတွင် သေဆုံးသူ ကျပ် ငါးသိန်း၊ ဒဏ်ရာရသူ ကျပ်သုံးသိန်း အစိုးရထောက်ပံ့
18-Jan-2018 tagged as မြောက်ဦး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရသူများကို ပြည်နယ်အစိုးရက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင် ဆွေက ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ တစ်ဦးလျှင် ကျပ်ငါးသိန်းနှင့် ထိခိုက် ဒဏ်ရာရသူတစ်ဦးလျှင် ကျပ်သုံးသိန်း ထောက်ပံ့ပေးထားကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

မြောက်ဦးမြို့ ရှေးဟောင်းဇုန်အတွင်းရှိ နန်းတော်ကုန်း၌ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ယင်းနေရာတွင် ကျင်းပခွင့် မပြုခြင်းကြောင့် ဒေသခံ ၄၀၀၀ ခန့်သည် ဇန်ဝါရီလ ၁၆ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ခရိုင်ထွေ/အုပ်ရုံးသို့ ဝင်ရောက်ရာမှ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် လူ ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့သည်။ 

“သေဆုံးသူ တစ်ယောက်ကို ငွေ ကျပ် ၅ သိန်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူများကို တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးပါတယ်။ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေအတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရပါတယ်”ဟု ဦးတင်မောင်ဆွေက ဆိုသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ဦးအနက် ရှစ်ဦးသည် စစ်တွေဆေးရုံ၌လည်းကောင်း၊ လေးဦးသည် မြောက်ဦးဆေးရုံ၌လည်းကောင်း ဆေးဝါးကုသပေးလျက်ရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ရခိုင်အမျိုးသားပါတီ (ANP)ပါတီနဲ့ ရခိုင်အမျိုးသားလွှတ်တော်က ထောက်ပံ့ပေးတဲ့ ငွေကျပ်သုံးသိန်းကျော် ရတယ်။ ပြည်နယ်အစိုးရက ခုထိထောက်ပံ့ကြေးပေးတာ မရှိသေးပါဘူး”ဟု မြောက်ဦးမြို့နယ် ပဋိပက္ခဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရခဲ့သူ ဦးသန်းကဆိုသည်။

မြောက်ဦးနှင့်ကျောက်တော်မြို့ နယ်များရှိ ရပ်ရွာအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီသည့် ငွေကျပ်တစ်သိန်းကျော် ရရှိထားသော်လည်း အစိုးရ ထောက်ပံ့မှု မရသေးကြောင်း မြောက်ဦး မြို့နယ်ပဋိပက္ခဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရခဲ့သူ ကိုကျော်ခိုင်ဝင်းက ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ခရိုင်ထွေ/အုပ်ရုံးသို့ လူစုလူဝေးဖြင့် ဝင်ရောက်စဉ် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့သူ ခုနစ်ဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက မြောက်ဦးသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။ 

J-07,J-17