News

POST TYPE

NEWS

စီအိုင်အေအရာရှိဟောင်း ဂျယ်ရီချန်ရှင်းလီကို တရုတ်သူလျှိုမှုဖြင့် အမေရိကန်တွင် ထိန်းသိမ်း
18-Jan-2018



ဝါရှင်တန်၊ ဇန်နဝါရီ ၁၇

တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား စီအိုင်အေအရာရှိဟောင်း တစ်ဦးသည် လျှို့ဝှက်သတင်းအချက်အလက်များ တရားမဝင် ဆက်လက် လက်ဝယ်ထားရှိမှုဖြင့် အမေရိကန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အမေရိကန်နိုင်ငံသား ဂျယ်ရီချန်ရှင်းလီကို ဇန်နဝါရီလ ၁၅ ရက်နေ့က နယူး ယောက် JFK လေဆိပ်တွင် ဖမ်းဆီးခဲ့သည်ဟု အမေရိကန်တရားရေးဌာနက ထုတ်ပြန်သည်။

ဂျယ်ရီချန်ရှင်းလီသည် ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ စီအိုင်အေအတွက် အလုပ်လုပ်ပေးခဲ့သူဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ဟောင်ကောင်သို့ ထွက်ခွာသွားသူဖြစ်သည်။

ယခုအမှုမှာတရုတ်ပြည်တွင်းရှိ စီအိုင်အေအော်ပရေးရှင်းများ အဆင်မပြေဖြစ်ရမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်က စတင်ခဲ့သော အက်ဖ်ဘီအိုင်၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်နေဖွယ်ရှိသည်။

၂၀၁၂ မတိုင်မီနှစ်နှစ်အတွင်း တရုတ်နိုင်ငံတွင်းမှ စီအိုင်အေသတင်းပေး ၂၀ ခန့် အသတ်ခံရ၊ ထောင်ချခံခဲ့ရပြီး နောက်ပိုင်းကာလအတွင်း စီအိုင်အေ၏ အဆိုးရွားဆုံး ကျရှုံးမှုဖြစ်ခဲ့သည်။

သို့သော်လည်း တာဝန်ရှိသူများမှာ အတွင်းစည်းကို ဖောက်ဝင်နေသော တန်ပြန်သူလျှိုကြောင့်လား၊ အချက်အလက်များ ခိုးယူခံရ၍လား ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ကြပေ။

နောက်ဆုံးတွင် အမေရိကန် နိုင်ငံသားဖြစ်သော်လည်း တရုတ်နွယ်ဖွားတစ်ဦးဖြစ်သည့် လီကတရုတ်အစိုးရကို ကူညီပေးခြင်းဖြစ်နိုင်သည်ဟု စစ်ဆေးသူများက သံသယရှိလာခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးမှုနှင့်နီးစပ်သော သတင်းရင်းမြစ်များက အမေရိကန်မီဒီယာများကို ပြောကြားခဲ့သည်။

ဂျယ်ရီချန်ရှင်းလီဆိုသော အမည်အပြင် ကျန်ချန်းလီဆိုသော အမည်ဖြင့်ပါ လှုပ်ရှားသည့် အဆိုပါပုဂ္ဂိုလ်သည် အမေရိကန်စစ်တပ်တွင်လည်း ၁၉၈၂ မှ ၈၆ အထိ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် စီအိုင်အေသို့ ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆက်သွယ်မှု၊ ထောက်လှမ်းဖော်ထုတ်မှု၊ လူသစ်စုဆောင်းမှု၊ သတင်းပေးများ၊ အေးဂျင့်များကို ထောက်ပံ့မှုများကို တာဝန်ယူခဲ့သူ ဖြစ်သည်။ သူသည် အဆင့်အမြင့်ဆုံး လျှို့ဝှက်ချက် သိရှိသုံးစွဲခွင့်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး လျှို့ဝှက်ထားရှိမှုဆိုင်ရာ သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးခဲ့သူဖြစ်သည်။

၂၀၀၇ တွင် ရာထူးဆက်မတက်သဖြင့် မကျေနပ်သောကြောင့် စီအိုင်အေမှ ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းနောက်တွင် လီသည် ဟောင်ကောင်တွင် နေထိုင်ခဲ့ပြီး ၂၀၁၂ တွင် အမေရိကန်သို့ ပြန်လာခဲ့ကာ ဗာဂျီးနီယားပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ခဲ့သည်ဟု ဆိုသည်။ 

F-03

  • VIA