News

POST TYPE

NEWS

ထိုင်းတွင်အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၁၁ ဦး ယနေ့ မြန်မာနိုင်ငံရောက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၁၇

ထိုင်းနိုင်သို့ တရားမဝင်လမ်းကြောင်းမှ ဝင်လာသည့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၁၁ ဦး ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိချုပ် ဦးစန်းမောင်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ရှိ ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား ၁၄ ဦးသည် တရားမဝင် ဝင်ရောက်စဉ် ဇန်နဝါရီလ ၁၂ ရက် ညနေ ၆ နာရီခန့်က ထိုင်းလူဝင်မှုကြီးကြပ်ရေး အမှတ် (၃) တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“တရားမဝင်နည်းလမ်းနဲ့ ဝင်လာလို့ အဖမ်းခံထားရတဲ့ နိုင်ငံသားတွေ အရေးကိစ္စနဲ့ပတ်သက်လို့ သတင်းရတာနဲ့ သူတို့နဲ့သွားတွေ့တယ်။ လိုအပ်တာတွေကို ဖြည့်ဆည်းကူညီပေးခဲ့သလို အရေးယူ မခံရအောင် ထိုင်းအာဏာပိုင်တွေနဲ့တွေ့ပြီး အမြန်ဆုံးပြန်ပို့နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ဆိုသည်။

မြန်မာအလုပ်သမားများကို ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က လူကုန်ကူးမှု ဥပဒေဖြင့်တရားစွဲဆိုသွားမည် ဖြစ်သည့်အပြင် ကျန်ရှိနေသည့် လူကုန်ကူးသူများကိုလည်း ဆက်လက်ဖမ်းဆီးရရှိရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး ပွဲစားထံတစ်ဦးလျှင် မြန်မာကျပ်ငွေလေးသိန်း ပေးခဲ့ရသည်ဟု စုံစမ်းမေးမြန်းချက်အရ သိရကြောင်း ဦးစန်းမောင်ဦးက ဆက်လက်ပြောဆိုသည်။

“နောက်ဆက်တွဲ အမှုကို စစ်ဆေးဖို့ အလုပ်သမား ၂ယောက်ကို ခုထိထိုင်းရဲ က ခေါ်ထားတယ်။ အမှုနဲ့ပတ်သက်ပြီး သက်သေခံ ကွင်းဆက်ပြတ်သွားမှာစိုးလို့ ခေါ်ထားပါတယ်။ ကျန် ၁၁ ယောက်က ဒီနေ့ မဲဆောက်က ကြိုဆိုရေးစခန်းက ပြန်သွားပြီ” ဟု ၎င်းကပြောကြားသည်။

အဖမ်းခံရသူ ၁၄ ဦးတွင် မြန်မာနိုင်ငံသားတစ်ဦးမှာ သက်သေခံ အထောက်အထားများရှိသည့်အတွက် အဆိုပါနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိန်းသိမ်းထားသည့် ကျန်မြန်မာနိုင်ငံသား ၁၃ ဦးသည် နှစ်ဖက်ဆွေးနွေးချက်အရ ဇန်နဝါရီ လ ၁၇ ရက်တွင် နေရပ်ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်ခွင့်ရ မြန်မာအလုပ်သမား ၁၃ ဦးအနက် ၁၁ ဦးသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတစ်ဆင့် မြဝတီမြို့သို့ ယနေ့ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားနှစ်ဦးကို အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆိုပေးရန် ယာယီထိန်းသိမ်းထားကြောင်းနှင့် အမှုပြီးပါက နေရပ် ပြန်လည်ပို့ဆောင်ပေးမည်ဟု သိရကြောင်း ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်နေသူ ဦးစောမောင်ထံမှ သိရသည်။

၂၀၁၇ ခုနှစ် ထိုင်းအစိုးရ၏ အသစ်ပြဋ္ဌာန်းထားသည့် အလုပ်ရှင်နှင့်အလုပ်သမား ဥပဒေသစ်အရ တရားမဝင် အလုပ်သမားတစ်ဦးလျှင် ငွေဒဏ်ဘတ်ငွေ နှစ်သောင်းမှ နှစ်သိန်းအထိ ပြစ်ဒဏ်ချခံ ရမည်ဖြစ်ပြီး လက်ခံထားသည့် အလုပ်ရှင်အနေနှင့်လည်း ငွေဒဏ် ဘတ်ငွေလေးသိန်းမှ ရှစ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ကာ ငွေဒဏ်မပေးဆောင်နိုင်ပါက အလုပ်သမားတစ်ဦးလျှင် ထောင်ဒဏ်တစ်နှစ်နှင့် အလုပ်ရှင်မှာ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်းဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားသည်။

E-04/J-18