News

POST TYPE

NEWS

မြဝတီမြို့ ဒေသခံများ လောင်းကစားရုံများပိတ်ရေး ဆန္ဒပြမည်
ဘားအံ၊ ဇန်နဝါရီ ၁၇

မြဝတီမြို့နယ်တွင် ဖွင့်လှစ်ထားသော ကာစီနိုရုံများ၊ ငါးဂိမ်းများ၊ အကြွေစေ့ဂိမ်း စသည့်လောင်းကစားရုံများ ပိတ်သိမ်းရေးအတွက် ဇန်နဝါရီလ ၂၁ ရက်တွင် ဒေသခံများက ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် ကိုစိုင်းက ပြောသည်။ 

ဇန်နဝါရီလ ၁၆ရက်က မြဝတီမြို့ အာဇာနည်ပန်းခြံ ခန်းမတွင် မြို့မိမြို့ဖများ၊ မြဝတီမြို့နယ် လောင်းကစားမှုများ ပပျောက်ရေးလှုပ်ရှားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက လောင်းကစားရုံများ ပပျောက်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို လုပ်ဆောင်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဒေသအာဏာပိုင်များထံ ပိတ်သိမ်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

“ဆန္ဒဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားပါတယ်၊ မကောင်းတာကို မကောင်းဘူးဆိုတဲ့အကြောင်း ကျွန်တော်တို့ သေချာပြောရပါလိမ့်မယ်၊ နောင်လာနောက်သား လူငယ်တွေအတွက် အားလုံးပါဝင်စေချင်ပါတယ်”ဟု ကိုစိုင်းက ဆိုသည်။ 

လောင်းကစားရုံများကို ဒေသခံများလက်မခံသဖြင့် ပိတ်သိမ်းပေးရေးကို လူထုအင်အားသုံးကာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အချို့လောင်းကစားရုံများက စာမေးပွဲနီးပါက ပိတ်ပေးမည်ဟု ပြောဆိုမှုများရှိကြောင်း၊ အစိုးရထံတင်ပြရုံနှင့် မပြီးဘဲ ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဦးသန့်ဇင်က ပြောသည်။ 

၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြဝတီမြို့နယ်အတွင်း လောင်းကစားရုံကြီးများ၊ ကာစီနိုရုံများ တစ်စတစ်စ များပြားလာကြောင်း၊ ယင်းတို့အနက် အချို့သော လောင်းကစားရုံများမှာ မဲဆောက်ဘက်မှ ထိုင်းနိုင်ငံသားများ ပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံတွင် လောင်းကစားရုံကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း အခွန်အခဈေးကြီးသဖြင့် မြဝတီကမ်းနဖူးတွင် လောင်းကစားရုံများ တိုးချဲ့ဖွင့်လှစ်ခြင်းများ ရှိနေကြောင်း မြဝတီမြို့ခံ ကိုမြင့်မြတ်က ဆိုသည်။

R-17