News

POST TYPE

NEWS

ပင်စင်လစာများWave Money ဖြင့် ထုတ်နိုင်မည်
18-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၇

အစိုးရဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာများကို တယ်လီနောနှင့် ရိုးမဘဏ်တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော Wave Money ဖြင့် ထုတ်ယူ နိုင်ပြီဖြစ်ကြောင်းWave Money ထံမှ သိရသည်။

ယင်းအစီအစဉ်ဖြင့် အငြိမ်းစား ဝန်ထမ်းများအနေနှင့် ပင်စင်လစာများကို Wave Money ဆိုင်များတွင် အလွယ်တကူ ထုတ်ယူနိုင်ရန်အတွက် မြန်မာ့ စီးပွားရေးဘဏ်နှင့် Wave Money တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း Wave Money ထံမှ သိရသည်။

လတ်တလော၌ အဆိုပါဝန်ဆောင်မှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ ထုတ်ယူနေသည့် ပင်စင်စားအငြိမ်းစားဝန်ထမ်းများသာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး နောက်ပိုင်းလများတွင် အခြားဘဏ်ခွဲများ၌ ပင်စင်လစာ ထုတ်ယူနေသူများအတွက်လည်း ယင်းဝန်ဆောင်မှုကို တိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှ သိရသည်။

“အခုလို Wave Money နဲ့ အတူ ပူးပေါင်းလိုက်ခြင်းကြောင့် မြန်မာ့ စီးပွားရေးဘဏ်က ပင်စင်လစာ ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်တာကြောင့် အခြား ဘဏ်လုပ်ငန်းတွေမှာ လုပ်ဆောင်မှု စွမ်းဆောင်ရည်တွေ ပိုတိုးလာမှာဖြစ်တယ်”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြန်မာ့စီးပွားရေးဘဏ်ခွဲ၏ မန်နေဂျာ ဦးခင်မောင်ဝင်း၏ ပြောကြားချက်ကို Wave Money ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ပိုင်းတွင်Wave Money ၏ပင်စင်လစာ ထုတ်ပေးခြင်းဝန်ဆောင် မှုကြောင့် ပင်စင်စားများအနေနှင့် ယခင်စနစ်ကဲ့သို့ ပင်စင်ထုတ်ယူရန်အတွက် ဘဏ်သို့ အချိန်ပေးသွားရောက်စရာ မလိုဘဲ မြန်မာနိုင်ငံအနှံ့ရှိ Wave Money ဆိုင်ခွဲ ၁၆၀၀၀ ကျော်တွင် အလွယ်တကူ ထုတ်ယူနိုင်မည်ဖြစ်သည်။

Wave Money ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် တယ်လီနော ဖုန်းနံပါတ်ဖြင့် Wave  အကောင့်ဖွင့်လှစ်ရန် လိုအပ်ပြီး ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများအတွက်ကိုမူ မည်သည့်ဆက်သွယ်ရေး အော်ပရေတာ ဖုန်းနံပါတ်များဖြင့်မဆို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

J-01