News

POST TYPE

NEWS

ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ကျပ်သန်းနှစ်ထောင် သုံးစွဲမည်
17-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ်သန်းနှစ်ထောင် သုံးစွဲမည်ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်က ပြောကြားသည်။

“၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေစပြီး ဘဏ္ဍာရေးနှစ် အသွင်ပြောင်းထားတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဘဏ္ဍာရေးနှစ် ဆောင်ရွက်တဲ့အခါမှာတော့ ဒီနှစ်မှာသုံးစွဲတဲ့ ကျပ်သန်းတစ်ထောင်ထက် နှစ်ဆတိုးပြီး သုံးစွဲမယ်”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သုတေသနရန်ပုံငွေအဖြစ် ကျပ်သန်းတစ်ထောင်ကို ခွဲဝေချထားပေးနိုင်ခဲ့ကြောင်း၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အချိန်တိုအတွင်း လက်တွေ့အကျိုးရလဒ်ရရှိရန် ခက်ခဲသော (Basic Research) များကို ပြုလုပ်ခြင်းထက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ တိုင်းရင်းဆေး၊ အားကစား စသည့်လုပ်ငန်းများတွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည့် သုတေသန (Implementation Research/Operational Research) များကို ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါ လက်တွေ့ပြန်လည် အသုံးချနိုင်မည့် သုတေသနသည် သုတေသန ဆောင်ရွက်ချိန်ကာလ ကြာမြင့်မှုတိုတောင်းခြင်း၊ စရိတ်စကကုန်ကျမှု နည်းပါးခြင်း၊ ကျန်းမာရေးစနစ်ကို လေ့လာဆောင်ရွက်သည့် သုတေသနဖြစ်သည့်အတွက် စက်ပစ္စည်းဝယ်ယူရန် ငွေကြေးကုန်ကျရန်မလိုခြင်းအပြင် ရရှိလာသည့်အဖြေများအား လက်တွေ့အသုံးချကာ ပြည်သူလူထုကို စောင့်ရှောက်မှုပေးလျက်ရှိသည့် ကျန်းမာရေးစနစ်၏ အားသာချက်၊ ချို့ယွင်းချက်များကို ဖော်ထုတ်တွေ့ရှိခြင်း စသည့်အချက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

J-12


  • VIA