News

POST TYPE

NEWS

နဝဒေးဘောလုံးကွင်းရှိ ဆောက်လက်စ ပွဲကြည့်စင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၆

မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ နဝဒေးဘောလုံးကွင်းတွင် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က ဆောက်လက်စပွဲကြည့်စင် သုံးလွှာပေါ်မှ အမည်မသိ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၅ နှစ် ဝန်းကျင်ခန့်ရှိပြီး ဘေးပတ်ဝန်းကျင် စုံစမ်းစစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်က ဆောက်လက်စ ဒုတိယထပ်လှေကားဘေးရှိ ငြမ်းစင်များမှာ လှုပ်ခတ်သွားသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားများက သွားရောက်ကြည့်ရှုခဲ့ရာ တိုက်အောက်ကြမ်းပြင်တွင် ဘေးစောင်းအနေအထားဖြင့် လဲကျသေဆုံးနေသော ယင်းအမျိုးသားကို တွေ့ရှိခဲ့သည်။

သုံးလွှာ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသားမှာ ချိုစောင်းပွန်းပဲ့ ဒဏ်ရာ၊ ညာလက်မောင်းပြုတ်၊ ဝမ်းဗိုက် ပွန်းပဲ့၊ ဦးခေါင်းကွဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် ရုပ်အလောင်းကို ဆေးရုံသို့ပို့အပ်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သေဆုံးသူ၏ ဓာတ်ပုံကို ဖော်ပြ၍ အလောင်းပိုင်ရှင်သိရှိပါက သတင်းပေးပို့ကူညီရန် သတင်းထုတ်ပြန်ထားသည်။ 

ယင်းနေ့တွင် အလားတူ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဘောဂမြိုင်လမ်းရှိ ငါးလွှာတိုက်ခန်းတစ်ခန်းတွင် အသက် ၅၀ နှစ် ဦးကျော်စိုးဦးမှာ တိုက်ခန်းပြတင်းပေါက် ဘောင်ပေါ်တက်၍လိုက်ကာ ခန်းဆီးစတပ်ဆင်စဉ် ခြေချော်ကာ တိုက်အောက်သို့ ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03