News

POST TYPE

NEWS

ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူများ ခုံရုံးတွင် ထောင်ဒဏ်ကို အယူခံဝင်
17-Jan-2018



ဟောင်ကောင် စီးတီး၊ ဇန်နဝါရီ ၁၆

ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်များဖြစ်သည့် ဂျော့ရှ်ဝါဝေါင်၊ နေသန်လောနှင့် အဲလက်စ်ချူးတို့သည် ၂၀၁၄ ခုနှစ်က umbrella movement ဟုခေါ်သော ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ခြင်းကြောင့် မနှစ်က ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းကို နောက်ဆုံးအကြိမ် အယူခံဝင်ရန် အင်္ဂါနေ့တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်ဟု DeutshelWelle သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ဟောင်ကောင်တွင် ၂၀၁၄ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီ ဆန္ဒပြပွဲများကို ဦးဆောင်မှုကြောင့် ပြီးခဲ့သော ဩဂုတ်လတွင် ထောင်ဒဏ်ခြောက်လမှ ရှစ်လအထိ အသီးသီးချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

မူလက လူမှုဝန်ထမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ရန် အောက်ရုံးက အမိန့်ချခဲ့သော်လည်း တရားရေးအတွင်းဝန်က အမှုကို ပြန်လည်စစ်ဆေးရန် အငြင်းပွားစရာ တောင်းဆိုခဲ့သည်။ ထို့နောက်တွင် အထက်ခုံရုံးက လျှော့ပေါ့ထားသော ထောင်ဒဏ်များအဖြစ် ပြောင်းလဲချမှတ်ခဲ့ရာ ဟောင်ကောင် တရားစီရင်ရေးအပေါ် ဘေဂျင်းမှ ကွန်မြူနစ်အစိုးရက ဝင်ရောက်စွက်ဖက်ဖိအားပေးသည်ဟု စွပ်စွဲမှုများ ပေါ်ထွက်လာစေခဲ့သည်။

ဂျော့ရှ်ဝါဝေါင်၊ နေသန်လောတို့ နှစ်ဦးသည် အောက်တိုဘာလက အာမခံမရမီအကျဉ်းထောင်ထဲတွင် နှစ်လခွဲခန့် ကုန်ဆုံးခဲ့ရပြီးဖြစ်သည်။ အဲလက်စ်ချူးမှာမူ နိုဝင်ဘာလက အာမခံရကာ လွတ်မြောက်လာခြင်းဖြစ်သည်။ ၎င်းတို့၏ အယူခံကိုတရား သူကြီးက ပယ်ချမည်ဆိုပါက ၎င်းတို့သုံးဦးစလုံး ထောင်ထဲသို့ ပြန်ဝင်ကြရမည်ဖြစ်သည်။

“ဒီနေ့ နောက်ဆုံးအယူခံဝင်မှုကို စီရင်ချက်ချတဲ့အခါမှာ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို အယူခံခုံရုံးက အမှန်တကယ် တန်ဖိုးထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု နာသန်လော ၂၄ နှစ်က ပြောကြားသည်။

နာသန်လောသည် ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက်တွင် ဟောင်ကောင်၏ အသက်အငယ်ဆုံးလွှတ်တော်အမတ် ဖြစ်လာခဲ့သော်လည်း ၎င်းသည် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိဟု အစိုးရက ဥပဒေကြောင်းအရ တားမြစ်ခဲ့သည်။

ဟောင်ကောင်ကို တရုတ်ပြည်မလက်အောက်မှ လွတ်မြောက်စေလိုသော ဝေါင်းနှင့် လောတို့၏ ဒီမိုစစ္စတိုပါတီသဘောထားသည် ဘေဂျင်းကို အမျက်ထွက်စေခဲ့သည်။

၂၀၁၄ ခုနှစ်က ဒီမိုကရေစီလှုပ်ရှားသူများနှင့် ကျောင်းသားများဦးဆောင်ခဲ့သော ဒီမိုကရေစီ ဆန္ဒပြပွဲများသည် ၇၉ ရက် ကြာမြင့်ခဲ့ပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ဘေဂျင်းလိုလားသော ကော်မတီက အတည်ပြုခန့်အပ်သည့်စနစ်အား လွတ်လပ်သော ရွေးကောက်ပွဲများဖြင့် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။

ကွန်မြူနစ်တရုတ်နိုင်ငံသည် ဗြိတိသျှကိုလိုနီ ဟောင်ကောင်ကျွန်းကို ၁၉၉၇ တွင် ဗြိတိန်ထံမှ ပြန်လည်ရရှိခဲ့ပြီးနောက် တစ်နိုင်ငံစနစ် နှစ်မျိုးမူဝါဒဖြင့် အုပ်ချုပ်စီမံလျက်ရှိသည်။ ယင်းသဘောတူညီချက်အရ ဟောင်ကောင်ပြည်သူများသည် လွတ်လပ်စွာပြောဆိုခွင့်၊ တစ်စိတ်တစ်ပိုင်း တိုက်ရိုက်ရွေးကောက်သော လွှတ်တော်နှင့် လွတ်လပ်သော တရားစီရင်ခွင့်တို့ကို ရရှိထားသည်။

F-04