News

POST TYPE

NEWS

ရိုမေးနီးယားတွင် ၇ လအတွင်း ဒုတိယမြောက် ဝန်ကြီးချုပ် နုတ်ထွက်
17-Jan-2018



ဘူခါရက်၊ ဇန်နဝါရီ ၁၆

ရိုမေးနီးယားတွင် နောက်ခံနိုင်ငံရေးပါတီ၏ ထောက်ခံမှု ရုပ်သိမ်းခြင်းကြောင့် ၇ လအတွင်း ဒုတိယမြောက် ဝန်ကြီးချုပ်တစ်ဦး နုတ်ထွက်သွားရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆိုရှယ်ဒီမိုကရက် ဝန်ကြီးချုပ် မီဟိုင်းတူဒို့စ်က ၎င်း၏ ဂုဏ်သိက္ခာအတွက် နုတ်ထွက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဇွန်လအတွင်းကလည်း ထိုစဉ်က ဝန်ကြီးချုပ် ဆိုရင်ဂရင်ဒီနူးကို နုတ်ထွက်စေခဲ့သော ၎င်းပါတီသည် အာဏာလွန်ဆွဲမှုများကြောင့် ကွဲပြဲလျက်ရှိသည်။ PSD ပါတီသည် မဲလိမ်မှုနှင့် အဂတိလိုက်စားမှု အရှုပ်အထွေးများကြောင့် လူထုယုံကြည်မှုရရန် ရုန်းကန်နေရသည်။ 

တစ်ချိန်တည်းတွင် အီးယူ၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သော ရိုမေးနီးယားသည် အားကောင်းသော စီးပွားရေးဖွံ့ဖြိုးမှုကို တွေ့ကြုံနေရသည်။ ရိုမေးနီးယားသည် ၂၀၁၈ တွင် စီးပွားရေးဖွံ့ဖြိုးမှု ၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပေါ်ရန် မျှော်မှန်းထားသည်။

ဝန်ကြီးချုပ်တူဒို့စ်သည် ယခင်အပတ်က ပြည်ထဲရေးဝန်ကြီး မစ္စကာမင်ဒန် (ပါတီဥက္ကဋ္ဌ ဒရာဂျီနာအယ်လီ၏ မဟာမိတ်) နှင့် အငြင်းပွားကာ နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီးနောက် ပါတီ၏ ဩဇာအာဏာကြီးသော ဥက္ကဋ္ဌ လီဗီယူးဒရယ်ဂျီနာနှင့် အခြေအတင် စကားများခဲ့သည်ဟု သိရှိရသည်။

၎င်းက မစ္စကာမင်ဒန် နုတ်ထွက်ရန် တောင်းဆိုခဲ့သော်လည်း ယခုသူကိုယ်တိုင် နုတ်ထွက်ပေးလိုက်ရခြင်း ဖြစ်သည်။

“ကျုပ်ကပါတီကို မကွဲစေချင်ပါဘူး။ သူတို့က ကျုပ်ကိုဖယ်ထုတ်တယ်။ ကျုပ် ကတိစကားတွေအတွက် ကျုပ်တာဝန်ယူရမှာပေါ့။ ဝန်ကြီးချုပ် တာဝန်ယူနေတုန်း ကျုပ် လုပ်ဆောင်ခဲ့တာတွေအတွက် နောင်တမရပါဘူး”ဟု မစ္စတာတူဒို့စ်က ဆိုသည်။

ဝန်ကြီးချုပ်တူဒို့စ်၏ တရားဝင်နုတ်ထွက်လွှာကို သမ္မတ ကလော့စ်အိုင်အိုဟာနစ်ထံ တနင်္လာနေ့ညတွင် ပေးအပ်ဖွယ်ရှိပြီး ၎င်း၏နေရာတွင် ဒုတိယဝန်ကြီးချုပ် ပေါလ်စတန်စကူက ယာယီတာဝန်ယူသွားမည် ဖြစ်သည်။

ပါတီဥက္ကဌဒရယ်ဂျီနာသည် အစိုးရအဖွဲ့ ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ဆန္ဒခံယူပွဲတွင် မဲလိမ်မှုများကြောင့် ၂၀၁၅ တွင် ဝန်ကြီးချုပ်ရာထူးမယူရန် တားမြစ်ခံထားရသူဖြစ်သည်။ ၎င်းသည် ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

ထို့ပြင် ဒရယ်ဂျီနာသည် ၎င်းတာဝန်ယူခဲ့သည့် ၂၀၀၀- ၂၀၁၂ ကာလအတွင်း အီးယူရန်ပုံငွေများကို တရားမဝင်ရယူခဲ့သည်ဟု စွပ်စွဲခံနေရပြီး ရိုမေးနီးယား အစိုးရရှေ့နေများက ထိုအမှုကို စုံစမ်းစစ်ဆေးနေသည်။

လောလောဆယ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေသော ဒရယ်ဂျီနာသည် အာဏာရ PSD ပါတီကို နောက်ကွယ်မှ ထိန်းချုပ်ထားသည်ဟု ဆိုကြသည်။ 
 
F-04

  • VIA