News

POST TYPE

NEWS

သားသမီး ၁၃ ဦးကို ပိတ်လှောင်ထားသည့် အမေရိကန်ဇနီးမောင်နှံကို ဖမ်းဆီး
17-Jan-2018 tagged as ကလေးသူငယ်



ဝါရှင်တန်၊ ဇန်နဝါရီ ၁၆

သားသမီး ၁၃ ဦးကို ပိတ်လှောင်ထားသည့် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးလိုက်ပြီး ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးသူငယ် အန္တရာယ်ဖြစ်စေမှုအပါအဝင် အမှုကိုးမှုဖြင့် စွဲချက်တင်ထားကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က နေအိမ်မှ ထွက်ပြေးနိုင်ခဲ့ပြီး အိမ်တွင်းမှယူလာသော ဆဲလ်ဖုန်းဖြင့် ၉၁၁ ကို ဖုန်းဆက်တိုင်ကြားခဲ့သည်ဟု ဆိုသည်။ မိန်းကလေးမှာ အလွန်အားနည်းချည့်နဲ့နေသောကြောင့် ရဲများမှာ အစောပိုင်းတွင် ၁၀ နှစ်ဝန်းကျင်ကလေးတစ်ဦးဟု ထင်ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါနေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အာဟာရချို့တဲ့နေသော ကလေးများကို တွေ့ရှိခဲ့ရပြီး အငယ်ဆုံးမှာ နှစ်နှစ်ဝန်းကျင်သာရှိသေးသလို အချို့ကို အမှောင်ထဲတွင် အိပ်ရာများပေါ်၌ သံကြိုးခတ်ထားသည်ကိုလည်း တွေ့ခဲ့ရသည်ဟု တာဝန်ရှိသူများက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြောကြားသည်။

ကာလီဖိုးနီးယားပြည်နယ် ပါးရစ်မြို့တွင် ဖမ်ဆီးခံရသူများမှာ ကလေးများဟု ခြုံပြောသော်လည်း တကယ်တမ်းတွင် အသက် ၂ နှစ်မှ ၂၉ နှစ်အထိ အရွယ်စုံဖြစ်သည်ဟု ရေးဗားဆိုက်ဒ်ကောင်တီရဲဌာနက ထုတ်ပြန်သည်။ ကလေးများ၏ အမည်ကိုမူ ဖော်ပြခြင်းမရှိပေ။

“ဆက်လက်စုံစမ်းမှုအရ ကလေးအများအပြားဟာ မှောင်မည်းပြီး နံစော်နေတဲ့အိပ်ရာတွေမှာ သံကြိုးနဲ့ချည်ပြီး သော့ခတ်ခံထားရပါတယ်။ ကလေးတွေကို ဒီလိုဘာလို့ထားရတယ်ဆိုတာ မိဘတွေဘက်ကလည်း ယုတ္တိကျတဲ့ အကြောင်းပြချက်မျိုး မပေးနိုင်ပါဘူး”ဟု ရဲဌာနထုတ်ပြန်ချက်တွင် ပါရှိသည်။

“အိမ်ထဲမှာ ကလေး ၁၂ ယောက် ရှိနေတယ်လို့ထင်ပြီးရဲတွေ ဝင်ရှာကြတာပါ။ ဒါပေမဲ့ တစ်ကယ်တမ်း အဲဒီအထဲက ခုနစ်ယောက်ဟာ အရွယ်ရောက်ပြီးသားတွေ ဖြစ်နေပါတယ်။ ၁၈ နှစ်ကနေ ၂၉ နှစ်အထိ ရှိပါတယ်။ အကုန်လုံး အာဟာရပြတ်ပြီး ညစ်ပတ်နေကြပါတယ်”ဟု ရဲဌာနက ထုတ်ပြန်သည်။

ငတ်မွတ်နေသည်ဆိုသောကြောင့် ရဲတပ်ဖွဲ့က အစားအသောက်များ ပေးဝေခဲ့ရသည်ဟုလည်း သိရသည်။

သားသမီးများကို ဖမ်းဆီးထားသည့် မိဘများမှာ အသက် ၅၇ နှစ်အရွယ် ဒေးဗစ်အလန်တာပင်ဆိုသူနှင့် အသက် ၄၉ နှစ်အရွယ် လူဝီစ်အန်နာတာပင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးကို ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးသူငယ် အန္တရာယ်ဖြစ်စေမှုတို့ဖြင့် စွဲချက်တင်ထားကာ တစ်ဦးချင်းစီကို အာမခံကြေးဒေါ်လာ ၉ သန်း သတ်မှတ်ထားကြောင်း သိရသည်။ ဆိုလိုသည်မှာ အာမခံမပေးရစေရန် အာမခံကြေးကို တန်ဖိုးမြှင့်ထားခြင်းဖြစ်သည်။

ကလေးသူငယ် ကာကွယ်ရေးလုပ်ငန်းနှင့် အရွယ်ရောက်ပြီးသူများ ကာကွယ်ရေးလုပ်ငန်းတို့ကလည်း စုံစမ်းစစ်ဆေးမှုတွင် ကူညီဆောင်ရွက်နေသည်ဟု သိရသည်။

လော့စ်အင်ဂျလိစ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၁၀ ခန့်ဝေးသည့် ပါးရစ်မြို့ငယ်လေးရှိ လူလတ်တန်းစား ရပ်ကွက်တွင်တည်ရှိသော စပိန်စတိုင် အင်္ဂတေနုကိုင်ထားသည့် နေအိမ်တွင် ယင်းသို့ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

နေအိမ်တွင် အိမ်စီးကားသုံးစီးရှိသလို ဆေးရောင်ခြယ်ထားသည့် ပြတင်းပေါက်များရှိသော ဗင်ကားတစ်စီးလည်းရှိသည်။ အဆိုပါကားများအနက်မှ တစ်စီးတွင် နောက်ခန်း၌ ကလေးထိုင်ခံတစ်ခုံ ရှိနေသည်။ ဆိုလိုသည်မှာ မကြာသေးမီနှစ်များအတွင်း ကလေးများကို ပြင်ပသို့ သွားလာခွင့်ပေးခဲ့သည်ဆိုသော သဘောဖြစ်သည်။

F-03