News

POST TYPE

NEWS

NLD ပါတီမှ တာဝန်ရပ်ဆိုင်းခံရသူအချို့ ပါတီထောင်ခြင်းနှင့် နိုင်ငံရေးအင်အားစု စုစည်းခြင်း လုပ်ဆောင်
17-Jan-2018 tagged as NLD ပါတီ

ပုသိမ်၊ ဇန်နဝါရီ ၁၆

NLD ပါတီမှ တာဝန်ရပ်ဆိုင်းခြင်းခံရသူအချို့ ဦးဆောင်ကာ ပါတီတည်ထောင်ခြင်းနှင့် နိုင်ငံရေးအင်အားစု စုစည်းကာ တပ်ပေါင်းစုဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းနိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။ 

NLD ပါတီမှ တာဝန်ရပ်ဆိုင်းခံရပြီးနောက် နုတ်ထွက်စာတင်ထားသည့် ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (NUD) တည်ထောင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ယင်းပါတီ တည်ထောင်ရေးအတွက် ဝန်းရံသူများထံမှ သိရသည်။ 

မြန်မာနိုင်ငံတွင် လူမှုစီးပွားအခြေအနေများ နိမ့်ကျနေပြီး ၇၀ ရာခိုင်နှုန်းသော တောင်သူများ၏အကျိုးကို ထိရောက်စွာ ဆောင်ရွက်လိုသဖြင့် ပါတီထောင်ရခြင်းဖြစ်ကြောင်း ယင်းပါတီ တည်ထောင်ရေးအတွက် ဝန်းရံဆောင်ရွက်ပေးသူ ပြည်ထောင်စု တိုင်းရင်းသားများ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ရမ်းက The Voice သို့ ပြောသည်။ 

“NLD က နုတ်ထွက်စာ တင်ထားတာ မကျသေးပါဘူး၊ ဦးစိန်ဝင်းက လွှတ်တော်တက်နေတာဆိုတော့ ပါတီဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ပြောဖို့ သူ (ဦးစိန်ဝင်း) က ခွင့်ပြုထားပါတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

အလားတူ NLD ပါတီမှ တာဝန်ရပ်ဆိုင်းခံရသော ဘိုကလေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်မြင့်သည်လည်း ပါတီထောင်ရန် ကြိုးပမ်းနေသည်ဟု သတင်းထွက်ပေါ်နေမှုကို ၎င်းက ပါတီထောင်ရန်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “တိုးတက်သော ဒီမိုကရက်တစ် အင်အားစုများ” ကို စုစည်းခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။

“ကျွန်တော်တို့အနေနဲ့ တပ်ပေါင်းစုဖြစ်တဲ့အထိ ကြိုးစားပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ လယ်ယာမြေ၊ အလုပ်သမား၊ လယ်သမားပြဿနာများ ဖြေရှင်းပေးရေးအတွက် ဆောင်ရွက်မှာပါ၊ ပါတီတွေဖွဲ့နေရင် ဒီမိုကရက်တစ်တွေ အကွဲကွဲအပြားပြား ဖြစ်ကုန်မယ်”ဟု ၎င်းက ရှင်းပြသည်။ 

“အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ် ပါတီ” (NUD) တည်ထောင်ရန် ကြိုးစားနေသူ ဦးစိန်ဝင်းသည် စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီသို့ဝင်ရောက်ကာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံမှု စိစစ်ရေးကော်မတီဝင် ဖြစ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရပြီးနောက် ပြည်ထောင်စု လွှတ်တော် တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဝင် တာဝန်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ရပ်ဆိုင်းခံရသည်။ 

“တိုးတက်သော ဒီမိုကရက်တစ် အင်အားစုများ” ကို စုစည်းသည့် ဦးဆောင်သူ ၉ ဦး အဖွဲ့ဝင်ဖြစ်သူ ဘိုကလေး မြို့နယ် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်မြင့်သည် ၁၉၈၈ ခုနှစ်ကပင် ဘိုကလေးမြို့နယ် NLD ပါတီ၏ မြို့နယ်ကော်မတီ တာဝန်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပါတီတာဝန်မှ ရပ်ဆိုင်းခံရကြောင်း၊ ၂၀၁၂ ခုနှစ် NLD ပါတီညီလာခံ အပြီးတွင် ပါတီဗဟိုညီလာခံ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၆ ခုနှစ်တွင် ဘိုကလေးမြို့နယ် NLD ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရကြောင်း၊ ၂၀၁၇ နိုဝင်ဘာလက ပါတီတာဝန်မှ တစ်နှစ်ရပ်ဆိုင်းခြင်း ခံထားရသူဖြစ်သည်။  

R-12