News

POST TYPE

NEWS

YBS ကားများတွင် ဖေဖော်ဝါရီလ၌ ငွေပေးချေမှု ကတ်စနစ် စတင်သုံးမည်
17-Jan-2018 tagged as ရန်ကုန် YBS

ရန်ကုန်၊ ဇန်နဝါရီ ၁၆

YBS ခရီးသည်တင်ယာဉ်များ၌ ငွေပေးချေမှု ကတ်စနစ်ကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ကျင့်သုံးနိုင်ရန် စီစဉ်လျက်ရှိပြီး နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်လည်း ကတ်စနစ်ကို နောက်ဆုံးအဆင့် သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ ကတ်စနစ် ကျင့်သုံးရေးအတွက် ရန်ကုန်တိုင်းအစိုးရက လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်သည့် Excel KC Myanmar ကုမ္ပဏီကို ဇန်နဝါရီလ ၁၀ ရက်က ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အဓိကကျသော ပြင်ဆင်မှုအဖြစ် ငွေပေးချေစနစ်ကို ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က YBS စနစ် စတင်မှုတစ်နှစ်ပြည့် အခမ်းအနားတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“၂၀၁၈ ထဲမှာ ဒီကတ်စနစ်နဲ့ ပြည်သူအားလုံးကို မိတ်ဆက်ပေးချင်တာ၊ ဘဏ်စနစ်နဲ့ နီးစပ်သွားစေဖို့ မျှော်မှန်းလုပ်ဆောင်တာပါ။ ပိုက်ဆံကို လက်နဲ့ကိုင်တွယ်သုံးတဲ့ ဓလေ့အစား ဘဏ်ကတ်နဲ့ ဒါမှမဟုတ် ငွေပေးချေမှုကို ကတ်စနစ်ကျင့်သုံးနိုင်ဖို့ပါပဲ။ အခုကတ်စနစ်က ပြည်သူလူထု လက်လှမ်းမီနိုင်တဲ့ ကတ်စနစ်မျိုး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ဘတ်စ်ကားစနစ်၊ ကျောင်းကားစနစ်နှင့် ရေကြောင်း တက္ကစီစနစ်တို့ကို အပြန်အလှန် ချိတ်ဆက်မိသည့်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

အလားတူ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားယာဉ်လိုင်းများ၏ စည်းကမ်းချိုးဖောက်မှု အဆင့်ဆင့်ကို GPS စနစ်ဖြင့် စောင့်ကြည့်သည့် ထိန်းချုပ်စင်တာ နှစ်ခုထားရှိပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ပြည်သူများ အချိန်ပိုင်းအလိုက် လေ့လာခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်မြို့ အများပြည်သူ ပို့ဆောင်ရေးစနစ်အတွက် ယခုနှစ်အတွင်း YBS ယာဉ်လိုင်းပေါင်း ၁၀၅ ခန့်အထိ တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ဘတ်စ်ကား ယာဉ်အိုယာဉ်ဟောင်း ပမာဏ ၇၆ ရာခိုင်နှုန်းခန့် သိမ်းဆည်း၍ ယာဉ်အသစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း YRTA အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ၉၃၀,၀၀၀ အနက် ရန်ကုန်မြို့သည် ယာဉ်စီးရေ ငါးသိန်းသုံးသောင်းရှိပြီး ဘတ်စ်ကား ယာဉ်စီးရေ ၅၃၀၀ ခန့် ပါဝင်ကြောင်း YRTA အဖွဲ့ထံမှ သိရသည်။
 

J-17