News

POST TYPE

NEWS

စားသုံးရန်မသင့်ဟု ယူဆရသည့် ပစ္စည်း ၁၃ မျိုး စစ်ဆေးရန် FDA သိမ်း


ရွှေဘို၊ ဇန်နဝါရီ ၁၆

ရွှေဘိုမြို့မဈေးကြီးအတွင်း ရောင်းချနေသည့် အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးရန်မသင့်ဟု သံသယရှိသည့် ပစ္စည်း ၁၃ မျိုးကို ဓာတ်ခွဲစစ်ဆေးရန်အတွက် FDA က နမူနာသိမ်းဆည်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ပြောကြားသည်။ 

အဆိုပါဈေးအတွင်း ရောင်းချနေသည့် အမှတ်တံဆိပ်မပါသည့် တရုတ်စာတန်းများပါသော ဆေးပြားပုံ၊ ကြယ်ပုံ၊ နို့ခဲကတ်များအပါအဝင် အရောင်တောက်သည့် ပဲကြီးလှော်နှင့် သံသယရှိသည့် လိမ္မော်ဖျော်ရည်၊ ရက်လွန်သည့်ဖျော်ရည်၊ တုတ်ထိုးချိုချဉ် အစရှိသည့် အရောင်တောက်သည့် ပစ္စည်း ၁၃ မျိုးကို စစ်ဆေးရန် နမူနာကောက်ယူသိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းပစ္စည်းများကို စစ်ဆေးပြီးသည့်အခါ စားသုံးရန်မသင့်ဟု အဖြေထွက်ပါက ထုတ်လုပ်ရောင်းချသည့်နေရာတွင် ဆိုးဆေးများသုံးစွဲရန်မသင့်ကြောင်း ကနဦးအနေနှင့် ပညာပေးမည်ဖြစ်ပြီး ထပ်မံရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်းခြင်းနှင့် ထုတ်လုပ်သည့်နေရာများကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။ 

“ထုတ်လုပ်တဲ့နေရာမှာ ဒါမျိုးဆိုးဆေးတွေ မသုံးဖို့၊ သုံးမယ်ဆိုလည်း FDA က သတ်မှတ်ထားတဲ့ ဆိုးဆေးတွေသုံးဖို့ ပညာပေးမယ်။ ဈေးထဲကျောင်းတွေမှာလည်း တားမြစ်ထားတဲ့ အစားအသောက်တွေ မရောင်းချဖို့ ပညာပေးမယ်။ ရောင်းချခဲ့ရင်လည်း အရေးယူမှုတွေ ပြုလုပ်သွားမယ်”ဟု ဒေါ်နှင်းနှင်းခိုင်က ပြောဆိုသည်။

စားသုံးရန်မသင့်သည့် အစားအသောက်များသည် ဒေသအသီးသီး၏ ဈေးကွက်များအတွင်း ပျံ့နှံ့ရောင်းချနေသည့်အတွက် ထိရောက်သည့် စစ်ဆေးမှုများလုပ်ဆောင်၍ အန္တရာယ်ရှိသည့် စားသောက်ကုန်များကို လုပ်ငန်းလုံးဝ ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သင့်ကြောင်း ယင်းဒေသခံ အသက် ၃၀ ခန့်အရွယ် အိမ်ရှင်မတစ်ဦးက သုံးသပ်ပြောကြားသည်။

R-09