News

POST TYPE

NEWS

ရန်ကုန်တွင် ဂျပန်အကူအညီဖြင့် လျှပ်စစ်စက်ဘီးထုတ်ရန်ပြင်
ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဂျပန်က အကူအညီနဲ့ စထုတ်ဖို့ စီစဉ်နေတယ်။ စက်ပစ္စည်းနဲ့နည်းပညာတွေကအစ ကူညီမယ်လို့ သိရတယ်။ အောင်မြင်သွားရင် ပြည်တွင်း SME လုပ်ငန်းရှင်တွေအတွက်ပါ အကျိုးရှိနိုင်မယ်”ဟု ၎င်းက ဆိုသည်။

လျှပ်စစ်စက်ဘီးထုတ်လုပ်ရန် လိုအပ်သည့်စက်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် JICA Myanmar ရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားပြီး လိုအပ်သည့်ဈေးကွက်စစ်တမ်းများ ရယူကာ ကနဦး လျှပ်စစ်စက်ဘီး အစီးနှစ်ရာကို စတင်ထုတ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှသိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုများကြောင့် လျှပ်စစ်စက်ဘီးများကို ယခင်ကထက် လက်ရှိတွင် ပိုမိုသုံးစွဲလျက်ရှိပြီး တရုတ်က အများဆုံး တင်သွင်းရောင်းချနေရကြောင်းနှင့် အပိုပစ္စည်းများကို ကိုယ်တိုင်တပ်ဆင်၍ စီးနင်းမှုများလည်းရှိကြောင်း လျှပ်စစ်စက်ဘီးအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

“ဂျပန်ပစ္စည်းဆိုရင်တော့ ကောင်းမယ်လို့ထင်တာပဲ။ လက်ရှိမှာတောင် စက်ဘီးဆင်တဲ့အခါမှာတောင် ဂျပန်ကိုယ်ထည်တွေ ဘီးတွေကို လိုက်ရှာနေရတာ။ ပြည်တွင်းမှာထုတ်ရင် အဆင်ပြေတာပေါ့”ဟု မြောက်ဥက္ကလာပမြို့နယ်မှ လျှပ်စစ်စက်ဘီးရောင်သူတစ်ဦးက ဆိုသည်။

ယခင်က အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းနည်းပညာရှင်များ ပူးပေါင်း၍ လျှပ်စစ်စက်ဘီး(မောင်မြန်မာ) များသည် စက်ဘီးကိုယ်ထည်လေးလံခြင်း၊ နည်းပညာအခက်အခဲများကြောင့် အသုံးပြုရ အဆင်မပြေမှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ပြည်ပမှ တင်သွင်းလာသည့် လျှပ်စစ်စက်ဘီးများကိုသာ သုံးစွဲလေ့ရှိကြောင်း လျှပ်စစ်စက်ဘီး အသုံးပြုသူများထံမှ စုံစမ်းသိရသည်။

မောင်မြန်မာလျှပ်စစ်စက်ဘီးများကို ၂၀၁၅ ခုနှစ်မှစတင်၍ ထုတ်လုပ်မှု ရပ်နားထားကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

J-14