News

POST TYPE

NEWS

လှိုင်သာယာတွင် လုယက်မှု၊ ခိုးမှုများ ကျူးလွန်ထားသည့်အဖွဲ့ကို ဖမ်းမိ


ရန်ကုန်၊ ဇန်နဝါရီ ၁၆

လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ပီမိုးနင်းလမ်းတွင် ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ ပြစ်မှု ၉ မှု ကျူးလွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းဆီးစစ်ဆေးခဲ့သူသုံးဦးမှာ အသက် ၁၈ နှစ် ကျော်ဇင်လတ် (ခ) ဇင်လတ်နှင့် ရှိုင်းထက်အောင် (ခ) ကိုစိုင်း၊ အသက် ၂၀ နှစ် ဇေယျာတို့ဖြစ်ပြီး ၎င်းတို့သုံးဦးမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ လှိုင်သာယာမြို့နယ်အတွင်း လုယက်မှုသုံးမှု၊ ခိုးမှုခြောက်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လမ်းသွားလမ်းလာအမျိုးသမီးများထံမှ လုယက်ခဲ့သည့် ရွှေဆွဲကြိုးနှစ်ကုံးနှင့် လက်ကိုင်ဖုန်းတစ်လုံးအပြင် ခိုးယူခဲ့သည့် ဆိုင်ကယ်ခြောက်စီးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ယင်းအဖွဲ့မှ လွတ်မြောက်နေသည့် အောင်ကိုကို ဖမ်းဆီးအရေးယူနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့မှ လင်းယုန်စီမံချက်ဖြင့် နယ်မြေအနှံ့မှ ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်တတ်သူများ၊ ပြည်သူလူထုအပေါ် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ အနိုင်ကျင့်ဗိုလ်ကျနေသူများနှင့် ပြေးလေးပြေးတို့ကို ဖော်ထုတ်အရေးယူမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03