News

POST TYPE

NEWS

ရောင်းမထွက်သေးသည့် စလစ်အစားထိုးကားအစီးရေ တစ်ထောင်ကျော် နိုင်ငံပိုင်သိမ်းမည်
17-Jan-2018 tagged as ကား ရန်ကုန်



ရန်ကုန်၊ ဇန်နဝါရီ ၁၆

စလစ်အစား ငွေသားပေးသွင်း၍ ရောင်းချခွင့်ပေးထားသော မော်တော်ယာဉ် အစီးရေ တစ်ထောင်ကျော်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာထိသာ ရောင်းချခွင့်ပြုထားရာ ရောင်းမထွက်သေးသည့် ယာဉ်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အပ်ကုန်စနစ် (Consignment) ဖြင့် တင်သွင်းထားသည့် ၂၀၀၀ မော်ဒယ်လ်အောက် ယာဉ်များကို စလစ်အစား ကျပ် သိန်း ၃၀ နှင့် ၂၀၀၁ မှ ၂၀၀၅ မော်ဒယ်လ်အထိကို စလစ်အစား ကျပ်သိန်း ၆၀ ပေးသွင်း၍ နယ်လိုင်စင်အဖြစ် ရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကညနဘက်က စာရင်းအတိအကျကို စောင့်နေပါတယ်။ ရောင်းမထွက်တဲ့ ကားတွေကိုတော့ ပထမကြေညာထားတဲ့အတိုင်း နိုင်ငံပိုင်အဖြစ် သိမ်းတာတွေလုပ်မှာပေါ့”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဘက်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ စီးပွားကူးသန်းကသာ ဆုံးဖြတ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းတို့ဘက်က ရရှိသည့်စာရင်းများကို ပို့ပေးနေကြောင်း ကညနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့ရာတွင် အဆိုပါ စလစ်အစားထိုး ရောင်းချရသည့် မော်တော်ယာဉ်များမှာ ဈေးကွက်အတွင်း ကျန်ရှိနိုင်ခြေမရှိတော့ဘဲ အရောင်းစင်တာအများစု၌လည်း မကျန်ရှိနိုင်တော့ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောဆိုသည်။

စလစ်အစားထိုး ရောင်းချခွင့်ပြုခဲ့ခြင်းသည် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ သတ်မှတ်ချက်တစ်ခုဖြစ်သည့် အရောင်းစင်တာများက တင်သွင်းပြီး ၂ နှစ်အတွင်း ရောင်းမထွက်သည့် မော်တော်ယာဉ်များကို ပြည်ပသို့ ပြန်လည်တင်ပို့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ မပြုလုပ်နိုင်ပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု ဆိုထားရာ ၂၀၀၀ မှ ၂၀၀၅ ခုနှစ် မော်ဒယ်လ်ယာဉ်များ၏ ရောင်းချခွင့်မှာ ၂၀၁၆ ခုနှစ်အတွင်း ပြည့်ခဲ့သော်လည်း စီးပွား/ကူးသန်းက ရောင်းချခွင့်ကာလကို မူလက ၂၀၁၇ ဇန်နဝါရီမှ ဇွန်လအထိခွင့်ပြုခဲ့ကာ ထပ်မံ၍ ဇွန်လမှ အောက်တိုဘာလကုန်အထိ စလစ်အစား ကျပ်သိန်း ၃၀ နှင့် သိန်း ၆၀ ငွေသားပေးသွင်း ရောင်းချစေခဲ့သည်။

သို့သော် ထပ်မံရောင်းချခွင့်ပြုသည့် ကာလကို နှစ်လကျော်အထိ ကျော်လွန်နေသော်လည်း အရေးယူခြင်းမရှိသေးဘဲ စိစစ်ဆဲ အခြေအနေတွင်သာရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

S-04