News

POST TYPE

NEWS

ကျိုင်းတုံတွင် ဒဏ်ကြေး လျှော့ပြီးနောက် ဆိုင်ကယ်လိုင်စင်လုပ်သူ ဆယ်ဆတိုး

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၆

ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒဏ်ကြေးထက်ဝက်လျှော့ချကာ ဒေသတွင်း လိုင်စင်များ ပြုလုပ်ပေးလျက်ရှိရာ လက်ရှိ ဆိုင်ကယ်လိုင်စင်လုပ်သူ ဆယ်ဆခန့် တိုးလာကြောင်း ကျိုင်းတုံမြို့ ပြည်နယ်တွဲဖက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ဒဏ်ကြေး ထက်ဝက်ကျော် လျှော့လိုက်တာကို အားလုံး မသိကြသေးပေမယ့် လိုင်စင်လာလုပ်တဲ့သူတွေ အရင်ထက် အတော်များလာတယ်၊ ကညနရုံး မရှိတဲ့ မြို့တွေကို အလှည့်ကျ ကွင်းဆင်း လုပ်ဆောင်ပေးဖို့ရှိတဲ့အတွက် ဒီတစ်ပတ်ထဲမှာ မိုင်းပျဉ်းမြို့နယ်ကို ကွင်းဆင်းပြီး လုပ်ပေးမယ်”ဟု ယင်းပြည်နယ်မှူး ဦးကျော်စိန်က ပြောသည်။ 

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသော ဒေသခံ တိုင်းရင်းသားများကို ယာဉ်အန္တရာယ်ကင်းရှင်းရန်နှင့် အာမခံချက်ရှိသည့် လိုင်စင်ရှိယာဉ်များ စီးနင်းနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်းက ဒေသတွင်း လိုင်စင်များ ပြုလုပ်ပေးခဲ့ကြောင်း၊ ဒဏ်ကြေးငွေ များပြား၍ အခက်အခဲ ဖြစ်နေသည်ကို ဒေသခံများက တင်ပြလာသဖြင့် ဒဏ်ကြေးငွေကို ထက်ဝက်ကျော် လျှော့ချပေးခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောကြားသည်။

“အခုလို ဒဏ်ကြေးတွေ လျှော့လိုက်တော့ လူတိုင်းတတ်နိုင်တဲ့ အနေအထားမို့ အရင်ထက် လိုင်စင်လုပ်လိုသူ များတယ်။ ခက်တာက ထွေအုပ် (အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး) မှာ ပထမဆုံး သွားလုပ်ရပြီး ကညနကို ထပ်သွားရတော့ တစ်နေရာတည်း မပြီးလို့ အဆင်တော့ မပြေဘူး”ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၀ ခုတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်ကာ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များ၌ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးခဲ့ရာ စုစုပေါင်း ၄၀၈ စီး ပြုလုပ်ခဲ့ကြောင်း၊ ဒဏ်ကြေးငွေ ထက်ဝက်ကျော် လျှော့ပေါ့ပြီးနောက် ဇန်နဝါရီ လ ၂ ရက်မှ ၉ ရက်အထိ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် ၉၀ စီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

R-16