News

POST TYPE

NEWS

ပြည်အကျဉ်းထောင်ကို လူ့အခွင့်အရေးကော်မရှင် စစ်
16-Jan-2018


ပြည်၊ ဇန်နဝါရီ ၁၆

လူ့အခွင့်အရေး စံချိန်စံညွှန်းများဖြင့် ကိုက်ညီမှု ရှိ မရှိ သိရှိနိုင်ရန် ပြည်အကျဉ်းထောင်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ပြည်မြို့ရှိ အကျဉ်းထောင်နှင့် တရားရုံး၊ ရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်နှင့် သုံးသပ်ချက် အကြံပြုစာများကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

အကျဉ်းထောင်များကို ပုံမှန်စစ်ဆေးခြင်းဖြစ်ပြီး အခြားထောင်များတွင်လည်း လိုအပ်ပါက နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဝင်ရောက် စစ်ဆေးလေ့ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။ 

ယင်းသို့စစ်ဆေးရာတွင် ပြည် အကျဉ်းထောင် အပါအဝင် အကျဉ်းထောင် အများစု၌ အကျဉ်းသားဦးရေနှင့် အိမ်သာ မလုံလောက်ခြင်း၊ သောက်ရေ၊ ချိုးရေ အခက်အခဲရှိခြင်းစသည့် ပြဿနာများကိုသာ တွေ့ရှိရကြောင်း ဦးယုလွင်အောင်က ပြောကြားသည်။ 

“ဝန်ထမ်းမပါဘဲ အကျဉ်းသားတွေနဲ့လည်း သီးခြား လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့အတွက်ကြောင့် မိတ်ကပ် လိမ်းလိမ်း မလိမ်းလိမ်းပြောမှာပဲ။ အဲဒီတော့ အမှန်တရားကိုသိရတယ်။ ခံစားရတဲ့သူတွေကတော့ ပြောတာပဲ။ ပြောလို့ အကျဉ်းသားကို ဒုက္ခပေးရန်ပြုလို့မရဘူး။ နောက်တစ်ခါ တိုင်တဲ့သူကို လက်တုံ့ပြန်မှု မလုပ်ရဘူးဆိုတာ ရှိတယ်။ လက်တုံ့ပြန်ရင် ဥပဒေ ချိုးဖောက်တာပဲ။ ဒါဆိုအရေးယူမှာပဲ၊ ဘယ်ထောင်မှတော့ အဲဒီလိုမျိုး မလုပ်ကြသေးဘူး”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင် အရေအတွက် ၅၀ နီးပါးရှိပြီး ဝင်ရောက်စစ်ဆေးရန် အကျဉ်းထောင် ၁၃ ခုသာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။

M-06