News

POST TYPE

NEWS

တရုတ်သံရုံးက ရေသန့်စက်နှင့် မူကြိုကျောင်းဆောင် လွှဲပြောင်း
ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မန်အိုင်ကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၁၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနှင့် အများသုံး ရေသန့်စက် လှူဒါန်းခဲ့ပြီး တိုးချဲ့ တည်ဆောက်ထားသည့် နောင်မွန် မူကြိုကျောင်းဆောင်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့ မန်အိုင်ကျေးရွာအုပ်စုသို့ အများသုံး ရေသန့်စက်လှူဒါန်းခြင်းနှင့် နောင်မွန်မူကြို ကျောင်းဆောင် တိုးချဲ့ခြင်းအား လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လားရှိုးမြို့၌ ကျင်းပခဲ့သည်။ 

မန်အိုင်ကျေးရွာအုပ်စုရှိ ဒေသခံများသည် ကာလရှည်ကြာသောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီး သန့်စင်ထား ခြင်း မရှိသည့်ရေများကြောင့် ရောဂါ ဘယများဖြစ်ပွားလာခဲ့ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ ရေသန့်စက် လှူဒါန်းသည့်အတွက် ဒေသခံများ အတွက် အကျိုးဖြစ်စေကြောင်း မန်အိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

နောင်မွန်မူကြိုကျောင်းသည် ၂၀၀၇ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် ကလေး အရေအတွက် တိုးလာသဖြင့် တိုးချဲ့ရန်လိုအပ်ချက်များ ရှိလာချိန်တွင် တရုတ်သံရုံးက ကျောင်းဆောင် တိုးချဲ့ပေးသည့်အပြင် ရေချိုးခန်းနှင့် သန့်စင်ခန်း လေးခန်းတွဲ တည်ဆောက်ပေးခဲ့ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။

ဒေါ်မြင့်မြင့်ကြည်က နောင်မွန် မူကြိုကျောင်းကို ၂၀၀၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကြောင်း၊ မူကြိုကျောင်း သို့ လာတက်ရောက်ကြသော ကလေး အရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလာသည်နှင့်အမျှ ကျောင်းတွင် လိုအပ်ချက်များ ရှိလာကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ နောင်မွန် မူကြိုကျောင်းဆောင်တိုးချဲ့ခြင်း၊ ရေချိုးခန်းနှင့် သန့်စင်ခန်း (၄) ခန်းတွဲ ဆောက်လုပ် လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လူမှုနယ်ပယ်အသီးသီးမှ ကလေးများ ကြီးပြင်းလာမှုအပေါ် ဂရုပြုကြပြီး ပိုမိုအကူအညီများ ပေးအပ်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

တရုတ်သံရုံးသည် ယင်းဒေသရှိ ကျေးရွာ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် မူကြိုကျောင်းများအတွက် ရေသန့်စက်၊ ကျောင်းဆောင်၊ သန့်စင်ခန်း၊ ရေချိုးခန်း၊ စာသင်စားပွဲ၊ ထိုင်ခုံ၊ ကွန်ပျူတာ၊ အပ်ချုပ်စက်၊ စောင် စသည်တို့ လှူဒါန်းတည်ဆောက်ခြင်းများအတွက် အမေရိကန် ဒေါ်လာ ကိုးသောင်းသုံးစွဲခဲ့သည်။