News

POST TYPE

NEWS

အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဖမ်းဆီးပေးရန် ရခိုင်ပါတီ တောင်းဆို
16-Jan-2018

စစ်တွေ၊ ဇန်နဝါရီ ၁၆

မောင်တောခရိုင်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် ရခိုင် အမျိုးသားပါတီ (ANP) က ဇန်နဝါရီ ၁၅ ရက်က သဘောထားချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ၂၅ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် ဦးဆောင်ခဲ့သော ARSA အကြမ်းဖက်သမားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည်ဟု အစိုးရ၏ထုတ်ပြန်ချက်များကို ကိုးကား၍ အကြမ်းဖက်သူများ ပြန်မဝင်နိုင်ရေးအတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း ANP ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“တစ်ဖက်နိုင်ငံက ပြန်လာသူတွေကို လက်ခံတဲ့အခါ ဒီအကြမ်းဖက်သမားတွေ ပြန်ပါလာရင် ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် တောင်းဆိုတာပါ”ဟု ၎င်းကဆိုသည်။ 

ယင်းအပြင် တစ်ဖက်နိုင်ငံက ပြန်လာမည့်သူများကို ပြန်လည် နေရာချထားရန် စီစဉ်ထားသော မောင်တောမြို့နယ် တောင်ပိုင်းသည် ပင်လယ်ကမ်းခြေဒေသဖြစ်သည့်အတွက် အားလျော်စွာ အကြမ်းဖက်သမားများ အလွယ်တကူ ဝင်ရောက်နိုင်သော နေရာများဖြစ်ခြင်း၊ အကြမ်းဖက်မှု ကျူးလွန်ပြီးနောက် အလွယ်တကူ ထွက်ပြေးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခြင်းအပေါ် အစိုးရက လျစ်လျူရှုကာ ဆောင်ရွက်ပါက ရခိုင်အမျိုးသားပါတီအနေနှင့် လွှတ်တော် အသီးသီး၌ ဖိအားပေးတောင်းဆိုမည်ဖြစ်ပြီး တရားဥပဒေ လမ်းကြောင်းမှလည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများကို နှစ်နိုင်ငံ သဘောတူ စာချုပ်အရ ဇန်နဝါရီလ ၂၃ ရက်မှ စတင်ကာ ပြန်လည် လက်ခံမည်ဖြစ်ကြောင်း၊ သဘောတူ စာချုပ်အရ ၎င်းတို့အား မူလနေရာများတွင် ပြန်လည်နေရာချထား ပေးရမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရာတွင် မောင်တောမြို့နယ် မြောက်ပိုင်း နေရာ ၁၁ ခု သတ်မှတ်ထားပြီး တောင်ပိုင်းတွင် နေရာချထားရန်အတွက် တိကျသောနေရာ မသတ်မှတ်ရသေးကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း၌ ပြန်လည် နေရာချထားမည်ကို ရခိုင်ဒေသခံများက ကန့်ကွက်မှု ရှိနေကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်အရ လုပ်ဆောင်ရမည်ဆိုသော်လည်း ဒီမိုကရေစီ အစိုးရ ဖြစ်သောကြောင့် ပြည်သူ့အသံကို လက်ခံရမည်ဖြစ်ကြောင်း၊ လုံခြုံရေး အာမခံချက်ရှိသော မြောက်ပိုင်းတွင် နေရာချထားပေးလိုကြောင်း၊ သုံးရာခိုင်နှုန်းသာရှိသော ရခိုင်တိုင်းရင်းသားများနှင့် ယင်းဘင်္ဂါလီအများစု နီးကပ်စွာ နေထိုင်ပါက ပဋိပက္ခ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ဦးမောင်အုန်းက ပြောဆိုသည်။

R-22