News

POST TYPE

NEWS

ပြင်သစ် နို့ထွက်ပစ္စည်းထုတ်ကုမ္ပဏီ ၈၃ နိုင်ငံမှ နို့မှုန့်များ ပြန်သိမ်း


ပဲရစ်၊ ဇန်နဝါရီ ၁၅

ပြင်သစ် နို့ထွက်ပစ္စည်းကုမ္ပဏီထုတ် ကလေးနို့မှုန့်ပုံး ၁၂ သန်းကျော်ကို salmonella ပိုးကပ်ငြိကြောင်း သံသယရှိသောကြောင့် နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ပြန်လည်သိမ်းယူနေသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ပြန်သိမ်းယူသော ပစ္စည်းများတွင် Lactalis ၏ Picot, Milumel, Taranis တံဆိပ်များ ပါဝင်သည်။ 

ပြီးခဲ့သောလက ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် salmonella ပိုးတွေ့ရှိမှုကြောင့် ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အာရှဈေးကွက်ရှိ နိုင်ငံများမှ ထုတ်ကုန်များကို ပြန်လည်သိမ်းဆည်းနေသည်ဟု ပြင်သစ် Lactalis ကုမ္ပဏီအကြီးအကဲက တနင်္ဂနွေနေ့တွင် အတည်ပြု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျဈေးကွက်များတွင် သက်ရောက်မှုမရှိဟု ဆိုသည်။

ကမ္ဘာ့အကြီးဆုံး နို့ထွက်ပစ္စည်း ကုမ္ပဏီများထဲတွင် ပါဝင်သော Lactalis မိသားစုကုမ္ပဏီ၏ အကြီးအကဲ အီမန်နျူရယ်ဘက်စနီယာက နို့မှုန့်ကြောင့် ဘေးဥပဒ်သင့်ခဲ့သော မိသားစုတိုင်းကို နစ်နာကြေးပေးအပ်သွားမည်ဟု ပြင်သစ်အပတ်စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။

နို့မှုန့်၌ ကပ်ငြိနေသည့် salmonella ပိုးကြောင့် ဘေးဥပဒ်ဖြစ်ခဲ့သော ကလေးများမှာ ပြင်သစ်တွင် ၃၅ ဦး၊ စပိန်တွင် တစ်ဦးနှင့် ဂရိတွင် တစ်ဦးတွေ့ရှိရသည်ဟု ပြင်သစ်သတင်းစာက ဆိုသည်။

salmonella ပိုးသည် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်သည်။ အထူးသဖြင့် ငယ်ရွယ်သော ကလေးများတွင် အသက်အန္တရာယ် ဖြစ်စေနိုင်သည်ဟု သိရှိရသည်။
 
ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း ခရာယွန်မြို့ရှိ စီလီယာစက်ရုံတွင် ပြုလုပ်ခဲ့သည့် ပြင်ဆင်မွမ်းမံမှု လုပ်ငန်းများကြောင့် salmonella ပိုးပါဝင်မှု ဖြစ်ပွားခဲ့သည်ဟု ယူဆကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း Lactilis ထုတ်ကုန်များကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု ပြင်သစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ပြောကြားသည်။

F-04