News

POST TYPE

NEWS

ယူအေအီးမှ ထွက်ခွာခွင့်မရဟု ကာတာ တော်ဝင်မျိုးနွယ်တစ်ဦး ဗီဒီယိုဖိုင်ဖြင့် ကြေညာ
16-Jan-2018 tagged as



ဒိုဟာ၊ ဇန်နဝါရီ ၁၅

ကာတာ တော်ဝင်မိသားစုမှ ရှိတ်အဗ္ဗဒူလာ ဘင်အလီအယ်လ်သာနီသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) မှ ထွက်ခွာခွင့်မရဘဲ ထိန်းသိမ်းခံထားရသလို ဖြစ်နေကြောင်း ၎င်းကိုယ်တိုင် ပြောကြားထားသော ဗီဒီယိုဖိုင်တစ်ခု ပေါ်ထွက်လာခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။

ကာတာရုပ်သံလိုင်း အယ်လ်ဂျားဇီးယားမှ ထုတ်လွှင့်ခဲ့သော အဆိုပါဗီဒီယိုတွင် ရှိတ်အဗ္ဗဒူလာက မိမိမှာ ယူအေအီးအိမ်ရှေ့စံ ရှိတ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်၏ ဖိတ်ကြားမှုဖြင့် အဘူဒါဘီသို့ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ပြန်လည်ထွက်ခွာခွင့်မရ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်က ရှိတ်မိုဟာမက်ရဲ့ ဧည့်သည်ပါ။ ဒါပေမဲ့ အခုက ဧည့်ခံတာ မဟုတ်တော့ဘူး။ အကျဉ်းချထားသလို ဖြစ်နေပြီ။ သူတို့က ကျွန်တော့်ကို ထွက်ခွာခွင့်မပေးဘူး။ တစ်ခုခုဖြစ်လာပြီး ကာတာကိုပဲ သူတို့က အပြစ်ဖို့မှာ စိုးရိမ်နေရပါတယ်”ဟု ရှိတ်အဗ္ဗဒူလာက ပြောကြားခဲ့သည်။

သို့သော်လည်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ရှိတ်အဗ္ဗဒူလာသည် နိုင်ငံတွင်း သူ့သဘောနှင့် သူသွားလာနေခြင်းဖြစ်ပြီး ထွက်ခွာလိုကလည်း ထွက်ခွာသွားနိုင်သည်ဟု ထုတ်ပြန်ထားည်။

“သူ့အနေနဲ့ လွတ်လပ်စွာ သွားလာလို့ ရပါတယ်။ အခု နိုင်ငံထဲက ထွက်ချင်တယ်ဆိုတော့လည်း သူ့အတွက် ဘာမှမနှောင့်နှေးဘဲ အဆင်ပြေအောင် လုပ်ငန်းစဉ်တွေအားလုံး လုပ်ဆောင်ပေးထားပါတယ်”ဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော်လည်း ယူအေအီးနိုင်ငံတွင်း မည်သည့်နေရာတွင် ရောက်နေသည်ဆိုခြင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

ကာတာနိုင်ငံသည် အစွန်းရောက်အုပ်စုများကို ထောက်ပံ့နေပြီး အီရန်နှင့် အဆက်အသွယ်ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက သပိတ်မှောက်သည့် ပင်လယ်ကွေ့လေးနိုင်ငံတွင် ယူအေအီးလည်း အပါအဝင်ဖြစ်သည်။ ဘာရိန်း၊ အီဂျစ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့သည် ကာတာကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဆက်သွယ်မှုအားလုံး ဖြတ်တောက်ပစ်ခဲ့သည်။

ထိုစဉ်က ရှိတ်အဗ္ဗဒူလာသည် ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်နှင့် တွေ့ဆုံမှုများ ပြုလုပ်နိုင်ခဲ့သည်။ ဆော်ဒီတွင်ရှိသည့် မက္ကာသို့ ဝတ်ပြုခရီးသွားနိုင်ရန် ကုန်းလမ်းကြောင်း ယာယီပြန်ဖွင့်ပေးနိုင်ရေး ဆွေးနွေးခဲ့သည်။

သို့သော်လည်း ကာတာအစိုးရကမူ ရှိတ်အဗ္ဗဒူလာသည် ကာတာနိုင်ငံကို ကိုယ်စားမပြုဟု ထုတ်ပြန်ထားသည်။ 

ဆော်ဒီအထောက်အပံ့ခံ သတင်းဌာနတစ်ခုကမူ အဗ္ဗဒူလာကို စော်ဘွားအဖြစ်တင်ရန် ပံ့ပိုးသင့်ကြောင်း ရေးသားခဲ့သည်။

ရှိတ်အဗ္ဗဒူလာ၏ အဘိုး၊ အဖေ၊ အစ်ကိုတို့မှာ ကာတာစော်ဘွားများဖြစ်ခဲ့သော်လည်း ၁၉၇၂ နန်းတွင်းအာဏာသိမ်းပွဲ နောက်ပိုင်းတွင် ၎င်းတို့အနွယ်တော်များမှာ အာဏာလက်လွှတ်ခဲ့ရသည်။ အရေးပါသော ရာထူးဟူ၍ မြင်းစီးအဖွဲ့ဥက္ကဋ္ဌရာထူးနှင့် ကုလားအုတ်ပြိုင်ပွဲ အသင်းဥက္ကဋ္ဌ ရာထူးများသာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ရယူဖူးခဲ့သူဖြစ်သည်။ 

F-03

  • TAGS