News

POST TYPE

NEWS

တူရကီတွင် ကျင်းပသော အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ တာလီဘန် မတက်ရောက်
16-Jan-2018

ကဘူးလ်၊ ဇန်နဝါရီ ၁၅

အာဖဂန်အစိုးရညှိနှိုင်းရေးမှူးများနှင့် တာလီဘန်တာဝန်ရှိသူများသည် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစပျိုးနိုင်ရန် အလွတ်သဘော အကြိုဆွေးနွေးမှုတစ်ရပ်ကို တူရကီနိုင်ငံတွင် ပြုလုပ်နေကြောင်း သတင်းထွက်လာခဲ့သော်လည်း တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ၎င်းတို့ တက်ရောက်ခြင်းမရှိဟု ငြင်းဆိုးထားကြောင်း VOA သတင်းက ဖော်ပြသည်။

လက်ရှိဆွးနွေးပွဲတက်နေသူများကမူ တူရကီအစိုးရ၏ ပူးပေါင်းမှုဖြင့် ဆွေးနွေးပွဲကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။ တာလီဘန်အဖွဲ့၏ ကာတာနိုင်ငံအခြေစိုက်ရုံးမှ တာဝန်ရှိသူများ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသည်ဟု သိရသည်။ ယင်းကိစ္စအတွက် အာဖဂန်အစိုးရကမူ မှတ်ချက်ပေးခြင်းမရှိပေ။

တာလီဘန်အဖွဲ့ (ပင်မ) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်ကမူ တူရကီတွင် ၎င်းတို့အဖွဲ့ တက်ရောက်ဆွေးနွေးနေသည်ဆိုသော သတင်းကို ငြင်းထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီး စစ်ဒဏ်သင့်တိုင်းပြည်၏ လုံခြုံရေးနှင့် နိုင်ငံရေးကိစ္စများ ဆွေးနွေးနေချိန်တွင် ဆွေးနွေးပွဲတစ်ရပ် တူရကီတွင် ကျင်းပနေသည်ဟု သတင်းထွက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ ၁၅ ဦး ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေသောကြောင့် မြို့တော် ကဘူးလ်တွင် လုံခြုံရေး တင်းကျပ်ထားပြီး အဓိကလမ်းများကို လမ်းလွှဲပြုလုပ်ထားသည်။

အာဖဂန်တွင် လုံခြုံရေးအခြေအနေ ဆိုးရွားနေပြီး အစိုးရတပ်များနှင့် တာလီဘန်တပ်များသည် စစ်မြေပြင်အများအပြားဖွင့်၍ တိုက်ခိုက်နေသလို ပြောက်ကျားတိုက်ခိုက်မှုများလည်း ရှိနေသည်။

အာဖဂန်တွင် ဘာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက သမ္မတ၏ အမိန့်ကိုဖီဆန်ပြီး မနုတ်ထွက်ဘဲ တင်းခံနေသောကြောင့် အခြေအနေများ တင်းမာနေသည်။

F-03