News

POST TYPE

NEWS

မန္တလေးတိုင်း ခရီးသွားဝင်ရောက်မှု မြင့်တက်


မန္တလေး၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၇ ခုနှစ် အတွင်းက နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်ကထက် မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၆ ခုနှစ်အတွင်းက ခရီးသွား ၃၈၅,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသွား ၄၈၃,၇၈၀ ဦးကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။ 

၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံသားများ အများဆုံးဝင်ရောက်ခဲ့ရာ ခရီးသွားအားလုံး၏ ၄၆ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်က မန္တလေးတိုင်းအတွင်းသို့ တရုတ်နိုင်ငံသား ခရီးသွား ၁၄၄,၂၀၀ ဦးကျော်၊ ပြင်သစ်နိုင်ငံသား ခရီးသွား ၄၀,၀၀၀ ဦးကျော်နှင့် ထိုင်းနိုင်ငံသား ခရီးသွား ၂၆,၀၀၀ ဦးကျော် ဝင်ရောက်ခဲ့သည်ဟု အဆိုပါဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ရှေးဟောင်းနယ်မြေများ ခရီးသွားခြင်းလုပ်ငန်းကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးစဉ် ဒေသသစ်များဖော်ထုတ်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ပါဝင်နေသူများနှင့် ပိုဆက်စပ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဦးစန်းယုက ထပ်လောင်းပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်းက ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက်မူ တွက်ချက်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၅ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ၃၀၆,၀၀၀ ဦးကျော်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၃၈၅,၀၀၀ ဦးကျော်၊ ၂၀၁၇ ခုနှစ်တွင် ခရီးသွား ၄၈၃,၇၈၀ ကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ 

ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာနအနေနှင့် မန္တလေး၊ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်းတိုင်း စစ်ကိုင်း၊ မင်းကွန်းဒေသများကို ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း (Culture Tourism) အဖြစ် ၂၀၁၇ ခုနှစ်ကစ၍ ဆောင်ရွက်လျက်ရှိသည်။  

M-05