News

POST TYPE

NEWS

နာဂရိုးရာပွဲတော် ကမ္ဘာလှည့် အလာနည်း
15-Jan-2018



နန်းယွန်း၊ ဇန်နဝါရီ ၁၄

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်မှ စတင်ကျင်းပသော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံခြားသားခရီးသွား လာရောက်မှု ယခင်နှစ်ထက် နည်းပါးကြောင်း ယင်းပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယခင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၌ ပြုလုပ်သော နာဂရိုးရာပွဲတွင် နိုင်ငံခြားသားခရီးသွား ၃၀ ခန့် လာရောက်ကြပြီး ယခုနှစ် နန်းယွန်းမြို့တွင် ကျင်းပသည့် နာဂရိုးရာပွဲတော်သို့ နိုင်ငံခြားခရီးသွား ၁၆ ဦးသာ လာရောက်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ၊ နန်းယွန်းမြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးနောက်တွန်းက ပြောသည်။

ယခုကဲ့သို့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံခြားသားများလာရောက်မှု ယခင်နှစ်ထက် လျော့နည်းခြင်းသည် အဓိကလမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်နှစ်များက နာဂရိုးရာပွဲသို့ နိုင်ငံခြားခရီးသည်များ သွားရောက်နိုင်ရန် Diamond Place ခရီးသွားကုမ္ပဏီက စီစဉ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ယင်းကုမ္ပဏီ၏ အစီအစဉ်ဖြင့် လာရောက်သော နိုင်ငံခြားသားမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်လာရောက်သူများသာရှိကြောင်း နာဂ စာပေနှင့် ရိုးရာယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောကြားသည်။

အဆိုပါပွဲတော်ကို နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ (ဗဟို) က ဦးစီး၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (နာဂဦးစီးအဖွဲ့) တို့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၄ ရက်တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကွင်းဖွင့်ပွဲနှင့် မုခ်ဦးဖွင့်ပွဲကို ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 

“အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ခန္တီး၊ လဟယ်၊ နန်းယွန်းလမ်းကြောင်းအတိုင်းပဲ လာတာဖြစ်ပါတယ်၊ နန်းယွန်းက အဓိကအားဖြင့် ကားလမ်းတစ်ခုတည်းနဲ့ပဲ ဆက်သွယ်ထားတာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါပွဲသို့ နိုင်ငံခြားခရီးသွား လာရောက်မှုအနေနှင့် ပြင်သစ်နိုင်ငံသားများ အများဆုံး လာရောက်ပြီး နယူးဇီလန်၊ အမေရိကန်၊ ကနေဒါ၊ ဆွဇ်ဇာလန်နိုင်ငံသားများလည်း လာရောက်ကြကြောင်း၊ နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောကြားသည်။

“ဒီနယ်မြေက နိုင်ငံခြားသား သွားလာခွင့်မပြုတဲ့ နေရာဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ခွင့်ပြုပေးဖို့ ကျွန်တော်တို့ နာဂရိုးရာကလည်း ပြောတယ်။ ဒေသဦးစီးကလည်း ပြောတယ်။ အဲဒါကြောင့် ဒေသဦးစီးနှင့် တိုင်းဝန်ကြီးချုပ်အဖွဲ့တို့ ညှိနှိုင်းကြပြီး လာခွင့်ပြုတာဖြစ်တယ်”ဟု နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောကြားသည်။

စစ်ကိုင်းတိုင်း နန်းယွန်းမြို့တွင် ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ သွားရောက်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ခရီးသွားကုမ္ပဏီများမှ ခရီးစဉ် ခွင့်ပြုချက်တောင်းခံပြီး သွားလာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နာဂဒေသကို ဈေးကွက်မြှင့်တင်မှုအပိုင်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်ကြောင်း၊၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် ၅၀ ကျော် ၆၀ ခန့်အထိ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းဒေသသို့ package ခရီးစဉ်များအပြင် တစ်သီးပုဂ္ဂလ လာရောက်လည်ပတ်သည့် ဧည့်သည်များလည်းရှိကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နှစ်သစ်ကူးပွဲတော် ကျင်းပမည့် နန်းယွန်းမြို့သည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရန်လိုအပ်သည့် နယ်မြေစာရင်း ထုတ်ပြန်ထားမှုတွင် ပါဝင်နေသည်။

ယင်းပွဲတော်သို့ ဒေသအသီးသီးမှ လူအင်အားထောင်ချီတက်ရောက်မည်ဖြစ်ပြီး နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ပြခန်းများ ဖွင့်လှစ်ခြင်း၊ ရိုးရာတံခွန်တိုင် စိုက်ထူပွဲကျင်းပခြင်း၊ ဇန်နဝါရီလ ၁၅ ရက်တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲများ၊ ညပိုင်းတွင် မီးပုံပွဲ စသည်တို့ကို ပြည်တွင်းပြည်ပခရီးသွားများအနေနှင့် ဒေသခံတိုင်းရင်းသားများနှင့်အတူ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။

ယင်းပွဲတော်ကို နာဂတိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများကို နိုင်ငံခြား ခရီးသွားဧည့်သည်များ သိရှိနားလည်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင်စေရန် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လမ်းခရီးတစ်လျှောက်၌ သွားလာမှု လုံခြုံချောမွေ့စေရန်နှင့် အဆင်ပြေစွာ နေထိုင်စားသောက်နိုင်စေရန် စီစဉ်ထားကြောင်း ပွဲစီစဉ်ကျင်းပသူများထံမှ သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ၂၀၁၇ ခုနှစ်က နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးစိုက်ရာ လဟယ်မြို့တွင် ကျင်းပခဲ့သည်။

R-06၊ J-14