News

POST TYPE

NEWS

မန္တလေးတိုင်း ကျေးလက်ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်ရန် စီစဉ်


မန္တလေး၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းအတွင်း ကျေးလက်ကျန်းမာရေးဌာနများတွင် အခြေခံအဆောက်အဦများ အသစ်တည်ဆောက်ခြင်းနှင့် အဆင့်မြင့်တင်ခြင်းများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အမျိုးသားကျန်းမာရေးစီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ လူတိုင်းလက် လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန် ရည်ရွယ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

“မြို့နယ်အဆင့်မှာ ကျေးလက်ကျန်းမာ ရေးဌာနတစ်ခုနဲ့ သူ့အောက်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲလေးခု ထားမှာဖြစ်ပါတယ်။ မြို့နယ်တစ်ခုစီမှာ ကျေးလက်ကျန်းမာရေးဌာနလေးခုကနေ ခုနစ်ခုအထိ ရှိကြတယ်။ ကျန်းမာရေးဌာနခွဲဆိုရင်လည်း ၂၀ ကနေ ၄၀ ကျော်အထိ ရှိကြတယ်။ ဒီထဲကမှ ရွေးချယ်ပြီးတော့ ပြင်ဆင်တာတွေလုပ်မယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၌ ဇန်နဝါရီလ ၁၃ ရက်နေ့က ကျင်းပသည့် နိုင်ငံတစ်ဝန်းကျန်းမာရေး မျှတမှုဖြင့် လွှမ်းခြုံပေးစနစ်နှင့်ဆောင်ရွက်နေသည့် အမျိုးသားကျန်းမာရေးစီမံကိန်းအကြောင်း အသိပညာပေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးပွဲတွင် ဒေါက်တာ သန်းသန်းမြင့်က ပြောကြားခြင်းဖြစ်သည်။

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၌ ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ အရပ်ဘက်အဖွဲ့အစည်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

“ဝန်ကြီးဌာနကနေပြီးတော့ အမျိုးသားကျန်းမာရေးစီမံကိန်းဆိုပြီး ဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့လို အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ထဲထဲဝင်ဝင် သိဖို့လိုပါတယ်။ ဘယ်အပိုင်းကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက်အလက်တွေကို ဖေဖော်ဝါရီလမှာ နေပြည်တော်မှာ ကျင်းပမယ့် အရပ်ဘက်အဖွဲ့အစည်းများဆိုင်ရာ ကျန်းမာရေးဖိုရမ်မှာ တင်ပြမယ်”ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးစီမံကိန်းအရ လက်ရှိဘဏ္ဍာနှစ်အတွင်း၌ မန္တလေးတိုင်းရှိ သပိတ်ကျင်း၊ စဥ့်ကူး၊ သာစည်၊ တောင်သာ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ် စသည့် မြို့နယ်ရှစ်ခုတွင် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မလှိုင်၊ ငါန်းဇွန်၊ စဥ့်ကိုင်၊ တံတားဦး၊ မတ္တရာ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန် စသည့်မြို့နယ်တို့တွင်လည်းကောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နွားထိုးကြီး၊ ဝမ်းတွင်း၊ ရမည်းသင်း၊ မြစ်သား၊ မိုးကုတ်၊ ချမ်းအေးသာစံ၊ မဟာအောင်မြေမြို့နယ်တို့တွင် လည်းကောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ချမ်းမြသာစည် မြို့နယ်တို့တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လုပ်ငန်းစီမံချက်များအရ သိရသည်။

M-05