News

POST TYPE

NEWS

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော နယ်နိမိတ် ပြင်ဆင်သတ်မှတ်မည်
14-Jan-2018

မန္တလေး၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းမြို့ မင်းဝံတောင် ဘေးမဲ့ကာကွယ်တောကို နယ်နိမိတ်ပြင်ဆင်သတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တောကို ၁၉၇၂ ခုနှစ်ကစ၍ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ရာ လက်ရှိတွင် လူနေရပ်ကွက်များ၊ ကျောင်းများ၊ လယ်ယာမြေများ ဖော်ထုတ်ထားသဖြင့် ကာကွယ်တောကို ပြင်ဆင်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနဦးစီး အရာရှိ ဦးညွှန့်လှိုင်က ပြောကြားသည်။

“ကျွန်တော်တို့ရုံးအပါအဝင် မြေစာရင်း၊ ထွေအုပ် စတဲ့အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရထားတဲ့ အချက်အလက်တွေကို နေပြည်တော် သစ်တောဦးစီးဌာနကို တင်ပြထားတယ်”ဟု ၎င်းက ပြောဆိုသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာသည် ဧက ၅၀,၈၇၀ ကျယ်ဝန်းရာ ယင်းအနက် ၃၆,၆၅၀ ဧကကျော်ကို ဘေးမဲ့တောအဖြစ် သတ်မှတ်ထားမှုကို ၁၄,၂၂၀ ဧကကျော်ဟု ပြင်ဆင်သတ်မှတ်နိုင်ရန် စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနက စီစဉ်နေခြင်းဖြစ်သည်။ 

အဆိုပါပြင်ဆင်သတ်မှတ်မည့် ဧရိယာ အတည်ပြုချက်ရသည်နှင့် ဘေးမဲ့ကာကွယ်တောအဖြစ် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ သစ်တောဥပဒေများအကြောင်း အသိပညာပေးဆိုင်းဘုတ်များကိုလည်း သစ်တောဦးစီးဌာနက စိုက်ထူမည်ဟု ယင်းဌာနထံမှ ထပ်မံသိရသည်။

M-05