News

POST TYPE

NEWS

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ထောင်ဆေးရုံတွင် ကွယ်လွန်
14-Jan-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အိမ်အကူ အမျိုးသမီးနှစ်ဦးကို လုပ်ခလစာအပြည့်မပေးဘဲ နှိပ်စက်ညှင်းပန်းမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၇ နှစ်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာသည် ဇန်နဝါရီလ ၁၃ ရက်၊ ည ၁၁ နာရီက အင်းစိန်ထောင်ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ ဦးမောင်မောင်နှင့် အင်းစိန်ဗဟိုအကျဉ်းထောင်အရာရှိ တစ်ဦးတို့က အတည်ပြုပြောကြားသည်။

ဒေါ်တင်သူဇာသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထောင်ဒဏ် ၁၆ နှစ်နှင့်တစ်လ ပြစ်ဒဏ်ကျခံနေပြီး တစ်လအကြာ ဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်က ပြောကြားသည်။

"ဆီးချိုရှိတော့ ဘယ်ခြေထောက်မှာ ပုရရွက်ဆိပ်ကိုက်ထားတဲ့နေရာက အနာစဖြစ်ပြီး အထဲမှာလှိုက်စားနေတာ။ ခြေထောက်ဖြတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ညက ဆုံးသွားရှာတယ်လို့ သိရတယ်"ဟု ဦးမောင်မောင်က ဆိုသည်။

အကျဉ်းကျခံနေရသူဖြစ်၍ ထောင်၏လုပ်ငန်းစဉ်အတိုင်း ခွဲစိတ်စစ်ဆေးပြီး ဖြစ်သော်လည်း ယနေ့သင်္ဂြိုဟ်ခွင့် ပြု၊မပြု မသိရသေးကြောင်း အင်းစိန်ထောင်အရာရှိက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သည့် အိမ်အကူ အမျိုးသမီးနှစ်ဦးအား နှိပ်စက်ခဲ့သည့် အင်းဝ အပ်ချုပ်ဆိုင်အမှုမှ ဦးတင်မင်းလတ်၊ ဒေါ်တင်သူဇာ၊ ဦးရာဇာထွန်း၊ ဒေါ်သီရိလတ်၊ ဒေါ်စုမွန်လတ်တို့ကို ကျောက်တံတား မြို့မရဲစခန်းမှ (ပ) ၁၉၃/၂၀၁၆ ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂၊ (ပ)၂၀၁/ ၂၀၁၆၊ ဥပဒေ ပုဒ်မ ၃၂၆၊ ၃၂၅၊ ၃၄၄၊၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။