News

POST TYPE

NEWS

ဘော်ဒါဆောင်ပိုင်ရှင်က ဆယ်တန်းကျောင်းသူကို မဖွယ်မရာလုပ်သည်ဟုဆိုကာ အမှုဖွင့်
14-Jan-2018 tagged as တောင်ငူ

တောင်ငူ၊ ဇန်နဝါရီ ၁၃

ရေတာရှည်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီခွဲက တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ၁၆ နှစ်အရွယ် ကျောင်းသူကို ဘော်ဒါဆောင်ပိုင်ရှင်က မဖွယ်မရာ လုပ်ဆောင်သည်ဆိုကာ ကျောင်းသူ၏ မိခင်က အမှုဖွင့်တိုင်ကြားထားကြောင်း ရေတာရှည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောင်းသူနှင့် အတန်းဖော်မိန်းကလေးများ စာကျက်နေစဉ် ဘော်ဒါဆောင်ပိုင်ရှင် ၅၅ နှစ်အရွယ် အမျိုးသားက လိမ်းဆေးယူရန် ခေါ်သည့်အတွက် စာသင်ဆောင်နှင့်ကပ်လျက် ဧည့်ခန်းသို့ တစ်ဦးတည်းလိုက်သွားစဉ် ပါးကိုနမ်းခဲ့ကြောင်း၊ ယင်းနောက် ခုတင်အောက်တွင် ဆေးဘူးရှိကြောင်းပြောသဖြင့် ခုတင်အောက် ငုံ့ကြည့်စဉ် ရင်သားကိုကိုင်တွယ်သဖြင့် ထွက်ပြေးခဲ့ပြီး နောက်တစ်ရက်တွင် မိသားစုထံ အသိပေးခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရသည်။ 

အဆိုပါ ဘော်ဒါဆောင်ပိုင်ရှင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်ထားပြီး ဘော်ဒါဆောင်ပိုင်ရှင်မှာ ထွက်ပြေးနေသဖြင့် စုံစမ်းနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

အဆိုပါ ဘော်ဒါဆောင်သည် တရားဝင်မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ပြီး အတိုင်ခံရသူမှာလည်း ကျူရှင်ဆရာတစ်ဦးဖြစ်ကြောင်း ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

R-15