News

POST TYPE

NEWS

မစ္စစပီ လူသတ်မှုတရားခံ ကေသုံးလုံးခေါင်းဆောင် အဂ္ဂါရေးကီလန် ကွယ်လွန်


ဂျက်ဆန်စီးတီး၊ ဇန်နဝါရီ ၁၃

၁၉၆၀ ခုနှစ်များက အရပ်သားအခွင့်အရေး လှုပ်ရှားသူသုံးဦးကို သတ်ဖြတ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူ Ku Klus Klan ကေသုံးလုံးဂိုဏ်းခေါင်းဆောင် အဂ္ဂါရေးကီလန် ကွယ်လွန်သွားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

အဂ္ဂါရေးကီလန် ၉၂ နှစ်သည် ၁၉၆၄ ခုနှစ်က လူသတ်မှုများအပြီး နှစ် ၄၀ အကြာ ၂၀၀၅ ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးနောက် ထောင်ဒဏ်နှစ်ပေါင်း ၆၀ ကျခံနေရခြင်းဖြစ်သည်။

၁၉၆၀ ခုနှစ်များက အဆိုပါလှုပ်ရှားသူများ ပျောက်ဆုံးသွားကာ အသတ်ခံရမှုသည် တိုင်းပြည်ကို တုန်လှုပ်သွားစေခဲ့ပြီး အရပ်သားရပိုင်ခွင့်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းမှုကို အထောက်အကူ ဖြစ်စေခဲ့သည်။

၁၉၈၈ ခုနှစ်ကအော်စကာဆုရခဲ့သော Mississipi Burning ရုပ်ရှင်ကားသည် ထိုသုံးလောင်းပြိုင် လူသတ်မှုအပေါ် FBI ၏ စုံစမ်းစစ်ဆေးချက်များကို အခြေခံကာ ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် ရေးသားရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ ဂျိမ်းစ်ချာနီ၊ အင်ဒရူးဂွတ်ဒ်မန်း၊ မိုက်ကယ်ဆွာနာတို့သည် အသက်နှစ်ဆယ် အရွယ်ဝန်းကျင် လူမျိုးတန်းတူညီမျှရေး ကွန်ဂရက်အဖွဲ့ဝင်များဖြစ်ကြပြီး တောင်ပိုင်းပြည်နယ်များရှိ လူမည်းမဲဆန္ဒရှင်များကို မှတ်ပုံတင်ရန် ၁၉၆၄ နွေရာသီ လွတ်မြောက်ရေးလှုပ်ရှားမှုကို လုပ်ဆောင်နေစဉ် အသတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့သည် အဂ္ဂါရေးကီလန်၏ တိုက်ခိုက်မှုကိုမခံရမီရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၎င်းတို့သည် မစ္စစပီနီရှိုဘာ ကောင်တီတွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ရဲများ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ပြန်လွတ်မြောက်လာသည့်ညတွင် သတင်းရသွားသော အဂ္ဂါရေးကီလန်၏ ကေသုံးလုံးဂိုဏ်းက ချုံခိုတိုက်ခိုက်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ထိုလူသတ်မှုကို တစ်နိုင်ငံလုံးက အာရုံစိုက်ခဲ့ကြခြင်းကြောင့် ထိုစဉ်က ရှေ့နေချုပ် ရောဘတ်ကနေဒီက စုံစမ်းစစ်ဆေးရန် FBI ကို တာဝန်ပေးစေလွှတ်ခဲ့သည်။

ပျောက်ဆုံးနေသူသုံးဦးကို သီတင်းခြောက်ပတ်တိုင်တိုင် ရှာမတွေ့ခဲ့ဘဲ တောင်ယာတစ်ခုတွင် မြှုပ်နှံထားကြောင်း ပြည်သူတစ်ဦးက သတင်းပေးမှသာ အလောင်းများကို တွေ့ရှိခဲ့သည်။

လူသတ်မှုတွင် ပတ်သက်သည်ဟု ယူဆရသော ခရိုင်ရဲမှူးအပါအဝင် သံသယရှိသူများစွာကို FBI က ဖမ်းဆီးခဲ့သည်။

တရားခံများအပေါ် စွဲဆိုချက်များကို မစ္စစပီတရားရုံးက ပယ်ချပစ်ရန် ကြိုးစားခဲ့သော်လည်း ပြည်နယ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို အထက်ခုံရုံးက ပြန်လှန်ပြင်ဆင်ခဲ့သည်။ 

ထိုသို့ ဖက်ဒရယ်အာဏာပိုင်များက ကြားဝင်စွက်ဖက်ခဲ့ရပြီးနောက် ၁၉၆၇ တွင် လူဖြူတရားသူကြီးအဖွဲ့က တရားခံ ၁၈ ဦးကို ရုံးတင်စစ်ဆေးခဲ့ရာ ၇ ဦးသာ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး တစ်ဦးမှ ထောင်ဒဏ် ၇ နှစ်ထက် ပိုမိုကျခံရခြင်းမရှိခဲ့ပေ။

ဘက်ပတစ်သင်းအုပ်ဆရာ ကီလန်ကို ဖက်ဒရယ်ရှေ့နေများက လူသတ်ရန် စီစဉ်ညွှန်ကြားမှုဖြင့် စွဲချက်တင်ခဲ့သော်လည်း တရားသူကြီးက သင်းအုပ်ဆရာတစ်ဦးကို အပြစ်မပေးနိုင်ဟု ပြောကြားခဲ့ပြီးနောက် ထိုအမှု အဆုံးသတ်သွားခဲ့သည်။

ထိုအမှုသည် နှစ်ပေါင်း ၄၀ တိုင်တိုင် တိမ်မြုပ်နေခဲ့သော်လည်း တရားခံ အဂ္ဂါရေးကီလန်သည် ၂၀၀၅ ခုနှစ်တွင် အမှုပြန်လည်စစ်ဆေးခြင်းကို ရင်ဆိုင်ခဲ့ရသည်။

F-04