News

POST TYPE

NEWS

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ဝင်ပေါက်ဝရှေ့တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ပန်းခြံကျောင်းလမ်း၊ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ဝင်ပေါက်ဝရှေ့တွင် ဇန်နဝါရီ လ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ သီရိမြိုင် (၇) လမ်းတွင်နေထိုင်သူ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မူးယစ်ဆေးဝါများ ရောင်းဝယ်မှု ပြုလုပ်နေကြောင်း သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရှာဖွေရာ ၎င်း၏ လက်ကိုင်အိတ်အတွင်းမှ 88/1 စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ ကျပ် ၄၆ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဆက်လက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“သတင်းရလို့ မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းခဲ့တာ။ လက်ကိုင်အိတ်ထဲကနေ ဆေးပြား ၉၀၀ ကျော်နဲ့ သူ့အိမ်ထဲကနေ ၁၅၀၀ ကျော် တွေ့တယ်။ ပြီးတော့ ရောင်းကုန်ပြီးသား အိတ်ခွံတွေ၊ မူးယစ်ဆေးသုံးတဲ့ မှိုင်းခံစက္ကူတွေ တခြားဆက်စပ်ပစ္စည်းတွေအပြင် ဆေးခြောက်တွေပါ ဖမ်းမိခဲ့တာ။ မူးစိတ်ပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

အလားတူ လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အင်းစိန်လမ်းပေါ်ရှိ ဘာတာကားမှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၁၂ ရက် ည ၉ နာရီခွဲခန့်က ကြိုတင်သတင်းရရှိထားသူ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ဆေးရှာဖွေရာ ၎င်း၏လက်အတွင်း ကိုင်ဆောင်ထားသော အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ဆေးခြောက်ဟု ယူဆရသည့် အရိုး၊ အရွက်၊ အစေ့ခြောက်များကို ဖမ်းမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်း၏နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ ဆေးခြောက်များ၊ ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့သဖြင့် ယင်းအမျိုးသားကို လှိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16