News

POST TYPE

NEWS

ပြည်တွင် အုပ်စုဖွဲ့ရိုက်နှက်သူများအနက်မှ သုံးဦးကို ဖမ်းမိ
ပြည်၊ ဇန်နဝါရီ ၁၃

ပြည်မြို့ပေါ် ရပ်ကွက်များအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက လမ်းပေါ်သွားလာနေသူများကိုရန်ပြုကာ အုပ်စုဖွဲ့၍ ရိုက်နှက်ခဲ့သူများအနက်မှ သုံးဦးကို လက်ရှိ ဖမ်းဆီးရမိထားကြောင်း ပြည်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြောကြားသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ညပိုင်းက ပြည်မြို့ ရွာဘဲရပ်ကွက်နှင့် အောင်ဆန်းပြည်သာယာ ရပ်ကွက်အတွင်း အမျိုးသား ၁၀ ဦးခန့်က အုပ်စုဖွဲ့၍ ရိုက်နှက်မှုများရှိပြီး ယင်းဖြစ်စဉ်တွင် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရကြောင်း အဆိုပါရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“လောလောဆယ် သုံးဦးမိထားတယ်။ သူတို့ကနေတစ်ဆင့် ခြောက်ဦးပါဝင်တယ်လို့ သိရတယ်။ အုပ်စုဖွဲ့ရိုက်တဲ့ သူတွေက ၁၆ နှစ်၊ ၁၉ နှစ်ဝန်းကျင် လူငယ်လေးတွေပဲ ဖြစ်နေတယ်။ သူတို့က ဒီလိုပဲရိုက်လိုက်ပြီးရင် တခြားမြို့က သူတို့အသိ အဆက်အသွယ်တွေဆီ ထွက်ပြေးလိုက်နဲ့ လုပ်နေကြတယ်”ဟု စခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြောဆိုသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသူများကို နယ်မြေရဲစခန်းများ၊ အခြားမြို့နယ် ရဲစခန်းများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီခန့်က ပြည်မြို့ အောင်ဆန်းပြည်သာယာ ရပ်ကွက်၊ ချင်းစုအနီးတွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးကို လမ်းဘေးမှောင်ရိပ်အတွင်းမှ လူ ၁၀ ဦးခန့်အုပ်စု လိုက်ထွက်လာကာ တားဆီးရန်ပြု ထိုးကြိတ်ကာ ဓားဖြင့်ခြိမ်းခြောက်ခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက စာကျက်ပြီးထမင်းကြော် ထွက်စားသည့် လူငယ်များကိုလည်း အုပ်စုဖွဲ့ ရန်ပြုရိုက်နှက်မှုဖြစ်ခဲ့သည်။ 
 

M-06