News

POST TYPE

NEWS

ဈေးနှုန်းအပြောင်းအလဲကြောင့် ရောင်းမှားဝယ်မှားဖြစ်လျှင် ရွှေအသင်းက တာဝန်ယူဖြေရှင်းမည်
13-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဈေးနှုန်း အပြောင်းအလဲကြောင့် ရွှေကုန်သည်အချင်းချင်း ရောင်းမှား ဝယ်မှား ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေအရောင်းအဝယ် လုပ်သည့်အခါ စာရင်းမှားများ ရှိသကဲ့သို့ ငွေအပေးအယူ ကြန့်ကြာခြင်းများလည်းရှိကြောင်း၊ လက်ရှိပြဿနာမှာ ရွှေဝယ်ပြီး ညနေဈေး ပိတ်သည့်အချိန် ငွေရှင်းသည့်အခါ ဈေးနှုန်း အတက်အကျကြောင့် ရောင်းသူနှင့် ဝယ်သူအကြား ပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ညနေ ငွေရှင်းတဲ့အခါ ဈေးက တက်နေရင် ပြဿနာ မဟုတ်ဘူး။ ဈေးကျတဲ့အခါ ရောင်းသူကရှုံးတော့ ပြဿနာတွေ ဖြစ်လာရော။ ဒီလိုမျိုး မဖြစ်ရအောင် အသင်းက ဈေးနှုန်းကို အတည်ဖြစ်အောင် တာဝန်ယူ ဖြေရှင်းပေးမှာပါ။ ဒီလိုဖြေရှင်းပေးနိုင်အောင် ကုန်သည်တွေက အသင်းဝင်ဖြစ်ရမယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်း ရွှေဈေးသည် နိုင်ငံတကာ ဈေးနှုန်းကိုလိုက်၍ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်နီးပါး ဈေးအတက်အကျ ဖြစ်နေသည့်အတွက် အရောင်းအဝယ် လုပ်သည့်အချိန်တွင် ဖြစ်ပေါ်နေသည့်ဈေးကို အတည်တကျ ယူသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“တချို့ကျတော့ ညနေ သူတို့ငွေပေးတဲ့အချိန် ဈေးတက်ရင် နေ့လယ်က ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာ။ ဈေးကျသွားရင် ကျဈေးကို လိုက်ကြည့်နေတော့ တရားရုံးတွေအထိ ရောက်ကုန်တာ။ ဒီဟာတွေက ကုန်သည်တွေကြားမှာ ခဏခဏ ဖြစ်လာတော့ ဈေးကိုတရားဝင်နှုန်းတစ်ခုဖြစ်ဖို့ လိုလာတယ်”ဟု ရွှေကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးနှုန်းကို အဖွင့်ဈေးနှင့် အပိတ်ဈေးဟူ၍ တစ်နေ့လျှင် နှစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိပြီး ကုန်သည် အချင်းချင်း ရွှေအရောင်းအဝယ် လုပ်သည့်အခါ ယင်းဈေးနှုန်းကို အဓိကစံထား၍ ရောင်းချကြောင်း၊ ရွှေတစ်ပိဿာလျှင်လည်း အာမခံကြေးနှင့် ကုန်ကျစရိတ် ရှိသည့်အတွက် ဈေးအနည်းငယ်သာ တင်ထားကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

J-13