POST TYPE
NEWS
တစ်နှစ်အတွင်း ယာဉ်လုပ်သားများထံမှ ဒဏ်ကြေး ကျပ် ၈၈ သိန်းကျော်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၃
YBS ယာဉ်လိုင်းစနစ်တွင် ယာဉ်လိုင်း အများဆုံးကို တာဝန်ယူ ပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီသည် တစ်နှစ်အတွင်း ယာဉ်လုပ်သားများထံမှ စည်းကမ်းဖောက်သည့်အတွက် ဒဏ်ကြေး ကျပ် ၈၈ သိန်းကျော်ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
“တစ်နှစ်လုံး စည်းကမ်းဖောက်ဖျက်မှု ၅၀ဝ ကျော် ဖြစ်ခဲ့တယ်။ အရင်ကတော့ ဒဏ်ကြေးထိတာ စပယ်ယာတွေပါ ပါတာပေါ့။ အခုတော့ မရှိသလောက် ရှားသွားပါပြီ”ဟု YUPT ကုမ္ပဏီ ယာဉ်စစ်ဆေးရေးမှူး ဦးကျော်တင့်က ဆိုသည်။
ရရှိထားသည့် ဒဏ်ကြေးငွေများကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံကို လစဉ် ပေးသွင်းခဲ့ပြီး YBS ယာဉ်လိုင်းစနစ် အောင်မြင်ရေး၊ ဝန်ထမ်းစရိတ်၊ ယာဉ်လုပ်သားများအတွက် ထောက်ပံ့ရန် လိုအပ်သည့်နေရာတွင် ပြန်အသုံးပြုကြောင်း ၎င်းကပြောကြားသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း စည်းကမ်းဖောက်ဖျက်မှု ၅၈၉ မှုရှိပြီး ကုမ္ပဏီ စည်းကမ်းချက် ၁၃၈ ချက်ဖြင့် အရေးယူရာ ဒဏ်ကြေးငွေအဖြစ် ကျပ်သိန်း ရှစ်ဆယ့် ရှစ်သိန်းခြောက်ထောင် ရရှိကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။
တစ်နှစ်အတွင်း စည်းကမ်းဖောက် ဖျက်မှုအများဆုံးမှာ ခရီးသည်ကို မချေမငံ ဆက်ဆံခြင်း ၈၄ မှု၊ သတ်မှတ်လမ်းကြောင်း အတိုင်း မမောင်းခြင်း ၉၁ မှု၊ မှတ်တိုင်တွင် မရပ်ခြင်း ၉၁ မှု၊ ငွေပုံးစနစ်တပ်ဆင်ထား ခြင်း မရှိသေးဘဲ ယာဉ်အကူမှ ယာဉ်စီးခ ပိုတောင်းခြင်း ၉၃ မှု၊YBS စတစ်ကာ မတပ်ခြင်း ၄၃ မှုရှိခဲ့သည်။
အဆိုပါပြစ်မှုများ ကျူးလွန်ပါက စည်းကမ်းချက် ၁၃၈ ချက်အရ ဒဏ်ငွေ ကျပ်သုံးထောင်၊ ကျပ်တစ်သောင်း၊ ကျပ် သုံးသောင်းနှင့် ကျပ် ငါးသောင်း (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် သုံးလ ပိတ်သိမ်းဖြင့် အရေးယူကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT သည် YBS၃၆၊ ၇၊ ၈၊ ၁၀၊ ၂၉ ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူ ပြေးဆွဲနေပြီး ယာဉ်တစ်လိုင်းတွင် ယာဉ်စီးရေ ၄၀ မှ ၁၀ဝ စီးကျော်အထိ ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
J-06
-
22-Apr-2018
-
22-Apr-2018
-
22-Apr-2018
-
22-Apr-2018
-
22-Apr-2018
-
22-Apr-2018
-
22-Apr-2018
-
02-Apr-2018