News

POST TYPE

NEWS

အမ်းမြို့မှ ပြန်လည်စွန့်လွှတ်မြေများ တောင်သူအများစု မရသေး
13-Jan-2018

စစ်တွေ၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ် အမ်းမြို့တွင် သိမ်းဆည်းခံထားရသည့် မြေများကို သိမ်းဆည်းခဲ့သူများက ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း မြေယာကော်မတီက လုပ်ဆောင်ပေးခြင်းမရှိသဖြင့် တောင်သူအများစု မြေယာများ ပြန်မရသေးကြောင်း တောင်သူများထံမှ သိရသည်။ 

အဆိုပါ မြေယာများအား တပ်မတော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက သိမ်းဆည်းခဲ့သော မြေယာများကို ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း တောင်သူများ ပြန်လည် ရရှိရေးအတွက် မည်သို့လုပ်ဆောင်ရန် မြို့နယ် မြေယာကော်မတီက ပွင့်လင်းစွာချမပြသေးကြောင်း တိုင်းရင်းသား လူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့မှ ရခိုင်ပြည်နယ် တာဝန်ခံ ဦးစိုးသိန်းက ပြောသည်။

“မြေယာကော်မတီက တောင်သူ တွေကို ဘယ်လိုလုပ်ရတယ်ဆိုတာ မချပြသေးဘူး။ တချို့ကျတော့ မြေတွေကို ဝန်ထမ်း အိမ်ရာဆောက်၊ တခြားဟာတွေ လုပ်မယ်၊ အဲဒီပုံစံတွေ လုပ်နေတာရှိတယ်”ဟု ၎င်းကဆိုသည်။ 

စွန့်လွှတ်မြေယာများကို မူလပိုင်ရှင်တောင်သူ ပြန်လည်ရရှိရေးအတွက် ဇန်နဝါရီလ ၈ ရက်က အမ်းမြို့နယ်တွင် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ မြေယာပြန်ရရေး ပြည်နယ်အစိုးရနှင့် ညှိနှိုင်းကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

အမ်းမြို့နယ်တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်းကတည်းက တောင်သူ ၃၀ဝ ကျော်ပိုင်ဆိုင်သော လယ်မြေဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကပင် လယ်ယာမြေဧက ၁၆၀ဝ ကျော်ကို ပြန်လည် စွန့်လွှတ်ခဲ့ရာ မူလပိုင်ရှင်အချို့သာ ပြန်လည်ရရှိသော်လည်း အများစုမှာ မရသေးကြောင်း တောင်သူများထံမှ သိရသည်။ 

စွန့်လွှတ်မြေများကို ရယူလိုကြောင်း ပြန်လည် လျှောက်ထားပါက မူလလယ်လုပ်သူနှင့် လက်ရှိ လယ်လုပ်သူများကို စစ်ဆေးကာ ပေးအပ်မည်ဖြစ်ကြောင်း မြို့နယ် မြေယာကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောကြားသည်။

၁၉၉၉ ခုနှစ်တွက် လယ်ယာမြေဧက ၃၀ဝ ကျော်ကို တပ်မတော်ဘက်က နှုတ်မိန့်ဖြင့်သိမ်းဆည်းခဲ့ပြီး လျော်ကြေးမရခဲ့ကြောင်း၊ ယခုအခါ ပြန်လည် စွန့်လွှတ်ထားသည်ဟု ဆိုသော်လည်း ပြန်မရသေးကြောင်း တောင်သူ ဦးလှဌေးကပြောသည်။

“တောင်သူတွေမှာ လယ်ယာမြေ အသိမ်းခံထားရတော့ စားဝတ်နေရေး ကျပ်တည်းတယ်။ လုပ်စားလို့ရတယ်ဆိုရင် ပြန်လိုချင်တယ်။ မရရင်လည်းနေလို့ ထိုင်လို့ အဆင်ပြေရင်တော့ မြေကိုလည်း ပြန်လိုချင်တယ်။ လျော်ကြေးဆိုရင်လည်း တန်ရာတန်ကြေးရရင် အဆင်ပြေတယ်”ဟု ၎င်းကဆိုသည်။ 

ခိုင်မင်းညို