News

POST TYPE

NEWS

တရားစွဲခံထားရသူက ပြည်တော်အေးဂေါပကအဖွဲ့ကို ပြန်လည်တောင်းပန်
12-Jan-2018

ကော့သောင်း ၊ ဇန်နဝါရီ ၁၂

ကော့သောင်းမြို့၊ ပြည်တော်အေးစေတီတော် ဂေါပကအဖွဲ့ကို စွပ်စွဲပြောဆိုမူဖြင့် တရားစွဲဆိုခံထားရသည့် ပြည်သူတစ်ဦးက တရားစွဲဆိုမှု ရုပ်သိမ်းပေးရန်အတွက် ဇန်နဝါရီလ ၁၁ ရက်က မြို့နယ် သံဃနာယက ဆရာတော်များရှေ့တွင် ပြန်လည် တောင်းပန်ခဲ့သည်။

ကော့သောင်းမြို့၊ တပ်ကုန်းလမ်းနေထိုင်သူ ဦးလူမင်းက ပြည်တော်အေးစေတီဂေါပကအဖွဲ့သည် လူမူရေးနှင့် ငွေရေးကြေးရေး ကိစ္စများ အရှုပ်အရှင်းရှိသည်ဟု စွပ်စွဲကာ တိုင်းသာသနာရေးဦးစီးဌာနနှင့် ယင်းဦးစီးဌာနရုံးချုပ်သို့ ၂၀၁၇ မတ်လက တိုင်ကြားခဲ့သည်။

ယင်းသို့ တိုင်ကြားခဲ့သော်လည်း အထောက်အထား မခိုင်လုံသည့်အတွက်ဟုဆိုကာ ဂေါပကအဖွဲ့က ၂၀၁၇ခုနှစ် သြဂုတ်လ ပထမအပတ်တွင် အသရေဖျက်မူ ပုဒ်မ ၅၀၀ ဖြင့် ပြန်လည်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည် ။

ဂေါပကအဖွဲ့ကို စွပ်စွဲတိုင်ကြားခဲ့သော်လည်း သက်သေ အထောက်အထား မရှိသည့်အတွက် ပြန်လည် တောင်းပန်ခဲ့ခြင်း ဖြစ်သည်ဟု ဦးလူမင်းက ပြောသည်။

“သူ့ဘက်က အမှားကိုသိလို့ ဆရာတော်တွေနဲ့ အသိသက်သေတွေရှေ့မှာ ဝန်ချတောင်းပန်တယ်ဆိုတော့ အမှုကို ရုပ်သိမ်းပေးသွားမှာပါ”ဟု ပြည်တော်အေးဂေါပကအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်ကျော်မိုးက ပြောသည်။

တိုင်ကြားခဲ့ခြင်းမှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ အမှားအမှန် ခွဲခြားစစ်ဆေးနိုင်ရန် တင်ပြသည့်သဘောအနေဖြင့် တိုင်ကြားခဲ့ခြင်းသာ ဖြစ်သည်ဟု တိုင်ကြားခဲ့သူ ဦးလူမင်းက ဆိုသည်။

Dawei Watch