News

POST TYPE

NEWS

ရှမ်းအရှေ့တွင် ဆိုးဆေးပါ မုန့်အမျိုး ၄၀ ကို စတင်စစ်ဆေး
12-Jan-2018


ကျိုင်းတုံ၊ ဇန်နဝါရီ ၁၁ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည့် ဆိုးဆေးပါ မုန့်အမျိုး ၄၀ ကို ဇန်နဝါရီလ ၉ ရက်နေ့ကစတင်၍ စစ်ဆေးရှာဖွေနေကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။

“အခုလက်ရှိတော့ ဝန်ထမ်းမရှိသေးတဲ့ မိုင်းဆတ်မြို့ကို ဒီကဝန်ထမ်းတွေသွားပြီး စစ်ဆေးရှာဖွေနေတယ်။ အဲဒီမှာ တားမြစ်ထားတဲ့ မုန့်အမျိုး ၄၀ ကို မတွေ့ရှိပေမယ့် ဘုတ်ဆုံမ ငရုတ်သီးမှုန့် အပါအဝင် သက်တမ်းလွန်နဲ့ တရားမဝင် ဆေးဝါးတွေ တွေ့ရှိလို့ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ကျိုင်းတုံမြို့ အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် မုန့်မျိုးစုံ အဓိက တင်ပို့ရောင်းချနေရာ အဆိုပါ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် အန္တရာယ်ရှိ ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ မရှိ စစ်ဆေးကာ ဖမ်းဆီးအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဈေးကွက်များတွင် အမှတ်တံဆိပ်ပါနှင့် အမှတ်တံဆိပ် မပါသည့် ချိုချဉ်မျိုးစုံ၊ သကြားလုံးမျိုးစုံ၊ ကပ်စေး၊ ဝေဖာနှင့် ဂျယ်လီ အမျိုးအစား ၄၀ တွင် ခွင့်မပြုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ ၂၀၁၇ ခုနှစ်အတွင်းက စတင်ပြီး ဈေးကွက်များအတွင်း ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

R-16