News

POST TYPE

NEWS

ဗန်းမော် ရော်ဘာစိုက်တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေရရန် လိုအပ်
12-Jan-2018

ဗန်းမော်၊ ဇန်နဝါရီ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ ရော်ဘာစိုက်တောင်သူများအနေနှင့် မြန်မာစိုက်ပျိုးစရိတ်ချေးငွေများ ရရှိရန် လိုအပ်နေကြောင်း မနောရွှေဖြူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

ဗန်းမော်ခရိုင်ရှိ ရော်ဘာစိုက်တောင်သူများမှာ အပင်များ ပြန်လည်ပြုစုခြင်းလုပ်ငန်းကို လုပ်ကိုင်ရာတွင် ငွေကုန်ကြေးကျများခြင်း၊ ရော်ဘာစိုက်ပျိုးချိန်မှ အစေးထွက်ကာလအထိ ကုန်ကျစရိတ်များရှိခြင်း၊ အစေးခြစ်လုပ်သားရှားပါးမှုကြောင့် ရော်ဘာထုတ်လုပ်မှု နှေးကွေးနေခြင်း၊ အစေးခြစ်ရာသီပြီးပါက ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကုန်ကြမ်းအဆင့်ရှိ ရော်ဘာတုံးများထုတ်လုပ်နိုင်ရန် ငွေကြေးလိုအပ်နေသောကြောင့် စိုက်ပျိုးစရိတ်ချေးငွေရလိုကြောင်း မနောရွှေဖြူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဘဏ္ဍာရေးမှူး ဦးမောင်စိုးက ပြောဆိုသည်။ 

ဗန်းမော်ခရိုင်တွင် ရော်ဘာစိုက်တောင်သူ ၁၀၀ ခန့်ရှိပြီး ခရိုင်အတွင်း ရော်ဘာအစေးခြစ်လုပ်သား မရှိသဖြင့် ရော်ဘာစေးခြစ်လုပ်သားကို တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ ခေါ်ယူလုပ်ကိုင်နေရသဖြင့်လည်း ကုန်ကျစရိတ်မြင့်ကြောင်း ၎င်းထံမှ သိရသည်။ 

ဗန်းမော်ခရိုင်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေနှင့် ရော်ဘာ၊ ကျွန်းစသည့် နှစ်ရှည်ပင်များအပေါ် စိုက်ပျိုးစရိတ် ချေးငွေပေးရန် လတ်တလောမရှိသေးကြောင်း ဗန်းမော်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးကြည်ဆွေက ပြောသည်။ 

ဗန်းမော်ခရိုင်ထွက် ရော်ဘာစေးများကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ ၅ ယွမ် (မြန်မာငွေကျပ် ၁၂၀၀ ) ခန့်သာ ရရှိကြောင်း တောင်သူများထံမှ သိရသည်။

R-14