News

POST TYPE

NEWS

နတ်သံကွင်းဈေး မီးရှို့သူကို တစ်လကြာသည်အထိ မဖမ်းမိ


တောင်ငူ၊ ဇန်နဝါရီ ၁၁

 ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာရှိ နတ်သံကွင်းဈေး မီးလောင်မှုနှင့်ပတ်သက်၍ မီးရှို့သူကို တစ်လကြာသည်အထိ မဖမ်းမိသေးကြောင်း နတ်သံကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။ 

“ဈေးသူ၊ ဈေးသားတွေက ဈေးမီးလောင်ပြီး ဘဝတွေ ပျက်တဲ့သူကပျက်ကုန်ပြီး တရားခံကို အခုထိ မဖမ်းမိသေးဘူး၊ ယာယီဈေးကိုလည်း နေရာချပေးတာကလွဲရင် ကိုယ်ထူကိုယ်ထ ဆောက်နေရတယ်၊ ဈေးသူ၊ ဈေးသားတွေ သံသယရှိတဲ့လူကိုလည်း သိထားပေမယ့် ရဲက ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေရတယ်”ဟု နတ်သံကွင်းဈေး မီးလောင်မှုကြောင့် ကျပ်သိန်းတစ်ထောင်နီးပါး ဆုံးရှုံးသူ ဦးပေက ပြောကြားသည်။

ဈေးမီးလောင်မှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၄ ရက်က ဈေးသူ၊ ဈေးသားများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး ယာယီဈေးဖွင့်နေရာကို သတ်မှတ်ခဲ့ကြောင်း၊ ယာယီဈေးတွင် ဆိုင်ခန်းအချို့ ဖွင့်လှစ်ရောင်းချနေပြီဖြစ်သော်လည်း တိုင်းအစိုးရထံမှ အကူအညီမရသေးကြောင်း ဈေးသူ၊ ဈေးသားများက ပြောဆိုသည်။ 

ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက ဈေးဆိုင်ခန်း ၁၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရာ ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က ရှို့မီးဟု သုံးသပ်ထားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် ကျူးလွန်သူကို စုံစမ်းနေခြင်းဖြစ်ကြောင်း နတ်သံကွင်းနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးရှို့သူ ပေါ်ပေါက်ရေးအတွက် ပြည်သူဆီမှရရှိသည့် အချက်အလက်များကို ရဲတပ်ဖွဲ့ထံ ပေးပို့ထားကြောင်း၊ အမှုတစ်ခု ချက်ချင်းပေါ်ရန် မဖြစ်နိုင်ကြောင်း ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ပြောကြားသည်။

R-15