News

POST TYPE

NEWS

ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများကို ၅၈ ကြိမ်မြောက် ရုံးထုတ်


မန္တလေး၊ ဇန်နဝါရီ ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုရင်ဆိုင်နေသည့် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှစ်ဦးကို မန္တလေး တိုင်းတရားလွှတ်တော်တွင် စစ်ဆေးနေရာ ဇန်နဝါရီလ ၁၁ ရက်နေ့က ၅၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

အဆိုပါအမှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယခုလ ၁၁ ရက်နေ့အထိ ရုံးချိန်း ၅၈ ကြိမ် ရှိပြီဖြစ်သော်လည်း တရားခံပြသက်သေ ၁၀ စစ်ဆေးရန် ကျန်ရှိသေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့သည် မန်ကျည်းအင်းကျေးရွာနှင့် ဝါးနက်ကျေးရွာတို့မှ မြေများကို ပြည်ထဲရေးအမည်ပေါက်ရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မြေပိုင်ရှင်များထံမှ ငွေကြေးတောင်းယူခဲ့သည့်အတွက် ကမ္ဘာမြေအောင်ကုမ္ပဏီနှင့် ရွာသားများက မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ရာ ကော်မတီက စစ်ဆေးပြီးနောက် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် တိုင်းတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းအမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တိုင်ကြားခဲ့သည့် ပုဒ်မများဖြင့်ပင် တရားလွှတ်တော်က စွဲချက်တင်ခဲ့သောကြောင့် တရားခံပြသက်သေ ၁၃ ဦးစီကို ပြန်ခေါ်သက်သေအဖြစ် ထပ်မံစစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးကို (ပ)၂၂၀/၂၀၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ) ၂၁၉/၂၀၁၆၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားပြီး ဒုတိယဦးစီးမှူးဦးကျော်ကျော်နိုင်ကို (ပ) ၂၂၁/၂၀၁၆ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ) ၂၂၂/၂၀၁၆ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တို့ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူးက တရားစွဲဆိုထားသည်။

အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်အတူ ကျေးရွာဒေသခံများထံမှ ငွေကြေးများ ရယူရာတွင် ပါဝင်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦအောင်စိုးမိုးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားပြီး ပြင်ဦးလွင်မြို့နယ်တရားရုံးက စစ်ဆေးနေသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

M-04