News

POST TYPE

NEWS

ထီတစ်စောင် ၅၀ဝ ကျပ်ဖြင့် မန္တလေးတွင်စရောင်း
10-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာန (မန္တလေးရုံးခွဲ) က လုပ်ကိုင်ခွင့် ချပေးထားသော ၃၁၃ ထီအရောင်းဆိုင်က ထီလက်မှတ် တစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ကျပ်သိန်းတစ်သောင်းပိုင်ဆိုင်ခွင့်ရမည့် အစိုးရထီလက်မှတ်များကို ကိုယ်စားလှယ် ရယူထားသူများက ဈေးတင်ရောင်းချနေခြင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ ၃၁၃ ထီအရောင်းဆိုင်ကို ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ကစ၍ မူရင်းဈေးအတိုင်း ထီတစ်စောင်လျှင် ၅၀ဝ ကျပ်ဖြင့် ရောင်းချစေခြင်းဖြစ်သည်ဟု အဆိုပါဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။  

“အပြင်မှာ ရောင်းနေတဲ့ ထီလက်မှတ်တွေ ဈေးကြီးတယ်၊ ဈေးကြီးတယ် ပြောနေကြတယ်။ အဲဒီဈေးကြီးနေတာတွေ ပြုတ်ကျဖို့က ဒီလိုလုပ်မှရမယ်။ ရန်ကုန်မှာလည်း ရောင်းပေးနေပါပြီ”ဟု ၎င်းက ပြောဆိုသည်။

၃၁၃ ထီအရောင်းဆိုင်အနေနှင့် ပြီးခဲ့သော သုံးရက်ခန့်ကစတင်ကာ ကားလေးစီးခန့်ဖြင့် ရန်ကုန်မြို့တော် ပန်းဆိုးတန်းလမ်းတစ်ဝိုက်တွင် ရောင်းချပေးနေကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

အောင်ဘာလေ သိန်းဆုဌာန (မန္တလေးရုံးခွဲ) အစီအစဉ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး တစ်စောင်ချင်းမှသည် မင်္ဂလာစုံတွဲ၊ ပဒေသာ စသည်တို့ကို တစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ မြို့တွင်းလှည့်လည် ရောင်းချမည်မဟုတ်ဘဲ အခွန်ဦးစီးဌာနရုံးရှေ့တွင်သာ ရောင်းချပေးမည်ဖြစ်ကြောင်း အမှတ် ၃၁၃ အောင်ဘာလေထီဆိုင်မှ အရောင်းစာရေး ကိုဇော်က ပြောကြားသည်။

ကျပ် ၅၀ဝ တန်ထီလက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လကစတင်ကာ ရောင်းချပေးနေခြင်းဖြစ်ပြီး ထီအရောင်းကိုယ်စားလှယ်များအနေနှင့် ဈေးတင်မရောင်းစေရန် ထီတစ်အုပ် (စောင်ရေ တစ်ရာ) လျှင် ၁၀ဝ ကျပ်နှုန်းဖြင့် သုံးလစာ စပေါ်ငွေတင်ကာ စာချုပ်ချုပ်ဆိုထားရကြောင်း စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်ပါက စပေါ်ငွေ သိမ်းဆည်းခြင်း၊ အမည်ပျက်စာရင်း သွင်းခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းခံရခြင်းများ ပြုလုပ်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

“သိန်းတစ်သောင်းဆု စပေးကတည်းက ရောင်းလာတာ။ အခု ၁၅ သိန်းလောက် ရှုံးနေပြီ။ ပင်ရင်းကနေ တစ်စောင်ကို (ကျပ်) ၅၅၀ နဲ့ ယူရတယ်။ ၆၀ဝ နဲ့ ပြန်ရောင်းရတယ်။ အခုလို ထီတစ်စောင်ကို ၅၀ဝ နဲ့ တိုက်ရိုက်ရောင်းရင် ကျွန်တော်တို့လို လက်လီသမားတွေ ခက်ခဲမှာပဲ”ဟု လက်လီရောင်းချသူ ဦးရဲလင်းအောင်က ပြောကြားသည်။

အောင်ဘာလေထီသည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ပြီး ယင်းအချိန်က ထီတစ်စောင်လျှင် နှစ်ကျပ်၊ ၅ ကျပ်မှ ၂၀ဝ ကျပ်အထိ တန်ဖိုး အသီးသီး သတ်မှတ်ရောင်းချခဲ့ကြရာမှ လက်ရှိတွင် ကျပ် ၅၀ဝ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ 

M-05