News

POST TYPE

NEWS

မန္တလေးမြို့တော်လုံခြုံရေးတိုးရန် အစိုးရစီစဉ်
10-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၁၀

လုယက်မှုများ မကြာခဏဖြစ်နေသော မန္တလေးမြို့တော် လုံခြုံရေးတိုးမြှင့်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး စီစဉ်နေသည်။

ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များထံမှ အကူအညီ တောင်းခံလိုက်သည်။ 

“ကျွန်တော်တို့အနေနဲ့လည်း လုံခြုံရေးပိုင်း ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်နေတာကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ပြီး အကူအညီတောင်းခြင်း ဖြစ်ပါတယ်။  ဆောင်ရွက်ရာမှာလည်း ခဏတစ်ဖြုတ် ဆောင်ရွက်မှာ မဟုတ်ဘူး။ ရေရှည်လုပ်သွားချင်တာပါ”ဟု ဗိုလ်မှူးကြီးက ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်၌ ဇန်နဝါရီလ ၁၀ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာတွင် ၎င်းကပြောကြားလိုက်ခြင်းဖြစ်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်တွေ့ဆုံခဲ့သည့်အပြင် တိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့တို့ကလည်း စီမံချက်များရေး ဆွဲကာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် အုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် နယ်/လုံဝန်ကြီးက တောင်းဆိုခဲ့သေးသည်။

ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များအနေနှင့် ရပ်မိရပ်ဖများ အပါအဝင် စိတ်ပါဝင်စားသည့် လူငယ်များနှင့်ပူးပေါင်းကာ လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်နေသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များ တောင်းဆိုရာတွင် အခက်အခဲများ ရှိနေသေးကြောင်း တမ္ပဝတီ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောကြားသည်။

မန္တလေးမြို့တော်၌ ၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း လုယက်မှုနှင့် လူ သတ်မှုအပါအဝင် အမှုကြီး ၉၉ မှု၊ အခြား အမှု ၃၂၂၂ မှုနှင့် ကြိုတင်ကာကွယ်မှု ၆၉၁၈ မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

M-04