News

POST TYPE

NEWS

ပြင်ဦးလွင် ဒီးဒုတ်ရေတံခွန်ဆင်စခန်း ဇန်နဝါရီ ၂၀ တွင်ဖွင့်မည်


မန္တလေး၊ ဇန်နဝါရီ ၉

မန္တလေးတိုင်း မြန်မာ့သစ်လုပ်ငန်းက ဖော်ဆောင်နေသော ဒီးဒုတ်ရေတံခွန် ဆင်စခန်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါဆင်စခန်းသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိပြီး ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသွား ကားလမ်း မကျည်းအင်းကျေးရွာနှင့် ကိုးမိုင် သုံးဖာလုံအကွာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ 

“ဆင်စခန်းတည်ဆောက်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကတည်းက လုပ်နေခဲ့တာ။ ဒီဇင်ဘာလကုန် ဖွင့်ဖို့လုပ်ခဲ့ပေမယ့် မြေယာကိစ္စတွေရှိနေလို့ မဖွင့်နိုင်ခဲ့ဘူး။ အခုတော့ပြီးသွားပါပြီ။ ဇန်နဝါရီ  ၁၃ နေ့မှာ ရီဟာဇယ်လုပ်မယ်။ ၂၀ ရက်နေ့မှာစဖွင့်မယ်”ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) အထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောကြားသည်။

မြန်မာ့သစ်လုပ်ငန်းတွင် အသုံးပြုခိုင်းစေခဲ့ပြီးနောက် အနားပေးထားသော ဆင်များကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဆင်စခန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

“ဖွင့်ပွဲနေ့မှာတော့ ဝင်ကြေးအခမဲ့ပါ။ ဆင်စီးခကတော့ ပေးရမှာပေါ့။ ပြည်သူတွေ အပန်းဖြေနိုင်ဖို့နဲ့ စားသောက်နိုင်ဖို့ ဝန်ထမ်းတွေကပဲ ဆိုင်အသေးစားလေးတွေဖွင့်မယ်။ အဓိကတော့ ဆင်အစာရောင်းမယ်။ ဆင်စီးပြီး သဘာဝရှုခင်း ကြည့်နိုင်မယ်”ဟု တိုင်းအထွေထွေမန်နေဂျာက ထပ်လောင်းပြောဆိုသည်။

အဆိုပါဆင်စခန်းတွင် ဆင်ခြောက်ကောင်ထားရှိမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၁၀၀၀၊ ဆင်စီးခအနေနှင့် ကျပ် ၃၀၀၀ သတ်မှတ်ထားသည်။

သပိတ်ကျင်းမြို့နယ်အတွင်း၌ ဆင်စခန်းတစ်ခုရှိခဲ့သော်လည်း ယင်းဆင်စခန်းကို ၂၀၁၆ ခုနှစ်အတွင်းက ဖျက်သိမ်းခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နယ်အတွင်း ဝှက်ကားရေတံခွန်အနီးတွင်လည်း ဆင်စခန်းတစ်ခု ထပ်မံတည်ဆောက်ရန် မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) က  စီစဉ်ထားသေးသည်။

လတ်တလောတွင် မြန်မာတစ်နိုင်ငံလုံး၌ ဆင်စခန်း ၁၀ ခုခန့် ဖွင့်လှစ်ထားပြီးဖြစ်သည်။

M-04