News

POST TYPE

NEWS

ဆန်လိမ်လည်မှုဂယက်ကြောင့် ဆန်ဈေးကွက် အရောင်းအဝယ်အေးစက်
10-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၉

ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ ဆန်လိမ်လည်မှုဂယက်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း ဆန်အရောင်းအဝယ် အေးစက်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

“အလိမ်ခံထားရတော့ ကုန်သည်တွေလက်ထဲမှာ ငွေကမရှိတော့ အရောင်းအဝယ်လုပ်လို့ မရဘူးဖြစ်နေတာ။ အခုက ဝယ်လက်နည်းပြီး ပစ္စည်းများနေလို့ပါ”ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ရှင်းပြပြောဆိုသည်။

ထို့ကြောင့် ဆန်ကြမ်းဈေးနှုန်းသည် ယခင်ဈေးအောက် တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်နှင့် ဆန်ချောဈေးနှုန်းသည် ကျပ် ၅၀၀ မှ ၂၀၀၀ အထိ ကျဆင်းကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ဇန်နဝါရီလ ပထမပတ်အတွင်းက ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးသည် ကုန်သည်များထံမှ ကျပ်သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော်ကို လိမ်လည်ထွက်ပြေးခဲ့ပြီး လတ်တလော ၎င်းကို တရားစွဲဆိုထားသော်လည်း “ပ” နံပါတ် မရသေးကြောင်း၊ ၎င်းပိုင်ပစ္စည်းများကို သိမ်းဆည်းထားသော်လည်း တန်ဖိုးအနည်းငယ်သာရှိပြီး ၎င်းကို ရှာဖွေနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။

လက်ရှိ၌ ပြည်ပပို့ဈေးကွက်ရှိနေသည့်အတွက် ကုန်သည်များ၌ ငွေပုံမှန် လည်ပတ်လာပါက အရောင်းအဝယ် ပြန်ကောင်းလာနိုင်ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိဘုရင့်နောင်နှင့် ဝါးတန်းကုန်စည်ဒိုင်များသို့ ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ရှစ်သောင်းခန့်သာ ဝင်ရောက်သော်လည်း ယခုအခါ တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သိန်းကျော်ခန့်အထိ ဝင်ရောက်ကြောင်း ယင်းဆန်ဈေးကွက်များအတွင်းမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ်ဆန်သစ်တစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ မှ ၁၈,၃၀၀ အထိ၊ ဆန်ကြမ်းသစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၁၇,၇၀၀ မှ ၁၈,၀၀၀ အထိနှင့် ဆန်ကြမ်းရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ မှ ၂၀,၅၀၀ အထိ၊ ပေါ်ဆန်းရှယ်(သစ်) တစ်အိတ်လျှင် ကျပ် ၂၇,၅၀၀ မှ ၂၉,၀၀၀ အထိ၊ ပေါ်ဆန်းရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ မှ ၃၂,၀၀၀ အထိ ဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04