News

POST TYPE

NEWS

ကျပ်သိန်းပေါင်း ငါးသောင်းကျော် လိမ်လည်ထွက်ပြေးနေသည်ဟုဆိုသော ဆန်ကုန်သည်ကို အမှုဖွင့်
10-Jan-2018 tagged as ရန်ကုန် ဆန်

ရန်ကုန်၊ ဇန်နဝါရီ ၉

ဆန်ကုန်သည်အချို့နှင့် အကျိုးဆောင်များထံမှ ငွေသိန်းပေါင်း ငါးသောင်းသုံးထောင်ကျော် လိမ်လည်ထွက်ပြေးနေသည်ဟုဆိုသော ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးနှင့် ၎င်း၏ ဇနီးဖြစ်သူကို ဇန်နဝါရီလ ၇ ရက် ညနေ ၅ နာရီခန့်က ဘုရင့်နောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်တိုင်ကြားလိုက်သည်။

အမှုဖွင့်တိုင်ကြားသူမှာ အသက် ၆၃ နှစ်အရွယ် ဆန်ပွဲစား ဒေါ်ချိုချိုမြင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဦးအောင်ဆွေဦးထံတွင် ဆန်အိတ်ပေါင်း လေးသောင်းသုံးထောင့်လေးရာရှစ်ဆယ့်ခုနစ်အိတ်၊ ကာလတန်ဖိုး သိန်းပေါင်း ရှစ်ထောင့်နှစ်ရာကျော်ကို နောက်မှ ငွေပေးချေသည့်စနစ်ဖြင့် ရောင်းချခဲ့ရာ ဦးအောင်ဆွေဦး၏ဇနီး ဒေါ်ဖြိုးဝေဝေအိမှ ချက်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း၊ ယင်းချက်လက်မှတ်များဖြင့် ဘဏ်သို့သွားရောက်ပြီး ငွေထုတ်ယူရာ ငွေထုတ်မရဘဲ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ဆန်ကုန်သည်အဖွဲ့ကတော့ အမှုမဖွင့်သေးဘူး။ သူကတော့ မနေနိုင်တာနဲ့ ဖွင့်ခဲ့တာ။ သူ ငွေသွားတောင်းတဲ့အချိန်မှာ ချက်လက်မှတ်ပေးခဲ့တယ်။ ငွေထုတ်မရဘူး။ ထပ်တောင်းတော့ ဇန်နဝါရီ ၅ ရက်နေ့မှာ ငွေချေပေးမယ်ပြောပြီး ထွက်ပြေးသွားလို့ အမှုဖွင့်ခဲ့တာပါ။ လိမ်လည်မှု၊ အားပေးကူညီမှုတွေနဲ့ အမှုဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အမှုဖွင့်တိုင်ကြားခံရသူ ဦးအောင်ဆွေဦးမှာ အခြားဆန်ကုန်သည်များနှင့် အကျိုးဆောင်များထံမှ ငွေကျပ်သိန်းပေါင်းငါးသောင်းကျော်ကို လိမ်လည်ထွက်ပြေးနေပြီး ဥပဒေအကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ၎င်း လိမ်လည်ထွက်ပြေးမှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၆ ရက်နေ့အထိ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းထံသို့ လာရောက်တိုင်ကြားထားသူ ၆၂ ဦးရှိပြီး ငွေပမာဏအားဖြင့် သိန်းပေါင်းငါးသောင်းသုံးထောင့်ခုနစ်ရာကျော် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းထံမှ သိရသည်။

ယင်း လိမ်လည်ထွက်ပြေးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းအနေနှင့် ကုန်သည်များအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည့် ကော်မတီ၊ ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးပိုင်ဆိုင်သည့် ပစ္စည်းများ အချိန်မီသိမ်းဆည်းနိုင်မည့် ကော်မတီနှင့် ASO ကုမ္ပဏီကို တစ်ဆင့်ပြန်လည်တင်သွင်းရောင်းချသည့် ကုန်သည်များလက်အောက်မှ စက်ပိုင်များ၊ ကုန်သည်များ၏ နစ်နာမှုများကို ဖြေရှင်းပေးမည့်ကော်မတီ စသည့် ကော်မတီသုံးခုဖွဲ့စည်းကာ ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။

J-16