News

POST TYPE

NEWS

ကေတီဗီတွင် အလုပ်ရမည်ဆိုကာ မြဝတီမြို့၌ ပြည့်တန်ဆာအဖြစ် စေခိုင်းသူများကို အမှုဖွင့်
09-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၈ 

အသက် ၁၅ နှစ်မှ ၂၁ နှစ်ကြားရှိ အမျိုးသမီးသုံးဦးကို မန္တလေးမြို့ရှိ KTV ဆိုင်တစ်ခုတွင် လစာငွေကျပ် နှစ်သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့သို့ ခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းသူ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၆ ရက် မွန်းလွဲပိုင်းက လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက တွံတေးမြို့နယ်၊ အလယ်ပိုင်း ရပ်ကွက်နေသူ အမျိုးသားနှစ်ဦးနှင့်တွေ့ဆုံပြီး မန္တလေးမြို့ရှိ KTV ဆိုင်တွင် စရိတ်ငြိမ်း လစာနှစ်သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးသဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ ထိုသို့တွံတေးမြို့ရှိ နေအိမ်တစ်လုံးတွင် ၅ ရက် ခန့်နေခဲ့ရပြီး ထပ်မံလူစုဆောင်းကာ အောင်မင်္ဂလာအဝေးပြေးဝင်းမှ တစ်ဆင့် မြဝတီမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်ကြားသူအမျိုးသမီးကို စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“မြဝတီမြို့ရောက်ပြီးတော့ ပြည့်တန်ဆာအဖြစ် စေခိုင်းတာ၊ မလုပ်ချင်ဘူးပြောတော့ ဝိုင်းဝန်း ထိုးကြိတ်တယ်လို့ သိရတယ်။ လုပ်တဲ့လုပ်အားခလည်း မရဘူး၊ ဧည့်သည်တွေက ပေးတဲ့ငွေနဲ့ ပြန်လာတာ။ သူနဲ့အတူပါသွားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ဖုန်းနံပါတ်တွေဖျက်ပေးဖို့ လိုက်လာပြီး ဖုန်းလုတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရောက်သွားတာ။ အဲဒီကနေတစ်ဆင့် ပြန်ရောက်လာတာပါ”ဟု အမှုဖွင့်တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြဝတီမြို့သို့ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူများမှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် စစ်ဆေးခံသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လုပ်အားခခေါင်းပုံဖြတ် အဓမ္မစေခိုင်းသူများကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၉၅/ ၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 

J-16



  • VIA